Update News

Mon, 2019-06-17 14:35 -- Nwe Mon Phyo

ဇွန်-၁၇၊၂၀၁၉

၁။ တိုင်းပြည်ဦးဆောင်သူတွေ ပါတီအတွက် မစဉ်းစားဖို့ပြောတဲ့ သံဃာတွေ

တိုင်းပြည်ကို ဦးဆောင်တဲ့သူတွေဟာ ပါတီအတွက် မစဉ်းစားဘဲ နိုင်ငံတိုးတက်စေဖို့ပဲ ဦးစားပေး စဉ်းစား သင့်တယ်လို့ ဗုဒ္ဓ ဓမ္မ ပရဟိတ ဖောင်ဒေးရှင်းရဲ့ သြဝါဒခံယူပွဲကို တက်ရောက်လာတဲ့ ဆရာတော်အချို့က မိန့်ကြားခဲ့ပါတယ်။

အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးး (ဗဟို) ဗုဒ္ဓ ဓမ္မ ပရဟိတ ဖောင်ဒေးရှင်းရဲ့ နှ စ်ပတ်လည်စုံညီ တွေ့ ဆုံသြဝါဒခံယူပွဲကို အောင်ဆန်းတောရတပ်ဦးကျောင်းမှာ မနေ့က ဇွန် ၁၆ က စပြီး နှစ်ရက်ကြာ ကျင်း ပနေ တာပါ။

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုကတော့ မဘသအဖွဲ့ကို အမည်ပြောင်းဖွဲ့စည်းထားတဲ့ ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း ဟာ တရားမဝင် အဖွဲ့အစည်းသာ ဖြစ်တယ်လို့ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ကတည်းက ပြောကြားထားတာ ရှိပါတယ်။

အဲ့ဒီသြဝါဒ ခံယူပွဲကို ဖောင်ဒေဒရှင်းအဖွဲ့ဝင် သံဃာအင်အား ၅ ရာကျော်နဲ့ လူပုဂ္ဂိုလ် ၅ ရာကျော် တက်ရောက် ခဲ့ကြပါတယ်။

နိုင်ငံအရေးနဲ့ သာသနာအရေးဆိုင်ရာ အကြောင်းအရာတွေကို ဒီသြဝါဒ ခံယူပွဲမှာ ဦးဆောင်ဆရာတော်တွေက မိန့်ကြားခဲ့ကြတာဖြစ်ပါတယ်။

ဒီနေ့ မွန်းလွဲ တစ်နာရီမှာတော့ ကျောက်တော်ကြီးဘုရားမှာ ပရိတ်တရားရွတ်ဖတ်ပြီး သြဝါဒခံယူပွဲကို ရုတ်သိမ်းမယ်လို့လည်း ဆိုပါတယ်။

၂။ စက်သုံးဆီဈေး ဆက်တိုက်ကျ

အမေရိကန်နဲ့ တရုတ် ဆက်ဆံရေး မပြေလည်မှုရဲ့ သက်ရောက်မှုကြောင့်ကမ္ဘာ့ ရေနံဈေးဝယ်လိုအားကျဆင်း နေပြီ့း ပြည်တွင်းစက်သုံးဆီဈေးနှုန်းတွေလည်း ဆက်တိုက်ကျဆင်းလာပါတယ်။

ရက်ပိုင်းအတွင်း ပြည်တွင်းက စက်သုံးဆီဆိုင်အများစုမှာ ဒီဇယ်တစ်လီတာကို ၉၂၀ ဝန်းကျင်ရှိနေပြီး ဓာတ်ဆီတစ်လီတာကို ၈၀၀ကျော်အထိ ဆက်တိုက်ကျဆင်းလာတာပါ။

ရေနံထုတ်လုပ်တဲ့နိုင်ငံတွေရဲ့ စီးပွားရေးအကြပ်အတည်းကြုံတွေ့ နေမှုကြောင့်လည်း ရေနံထုတ်လုပ်မှုတွေပိုလျှံလာတာကြောင့် အခုလို ဈေးနှုန်းတွေ ကျဆင်းနေရတာဖြစ်တယ်လို့  စက်သုံးဆီလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ဦးအောင်စိုးမိုးကပြောပါတယ်။

ဒါပေမဲ့ရန်ကုန်မြို့ ကဆိုင်တိုင်းအားလုံး ဈေးချရောင်းနေတာ မဟုတ်ဘဲ တစ်ချို့ ဆိုင်တွေက ဈေးတင်ရောင်းချမှုတွေရှိနေဆဲဖြစ်တယ်လို့ ဦးအောင်စိုးမိုးက ပြောခဲ့တာပါ။

စက်သုံးဆီအသုံးပြုမှု အများဆုံးဖြစ်တဲ့ ရန်ကုန် မှာ တိုင်းအစိုးရကိုယ်တိုင် နိုင်ငံခြားကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီး စက်သုံးဆီဆိုင်ဖွင့်လှစ်ထားတာကလည်း ဆီဈေးကို အနည်းငယ်သက်ရောက်မှုတွေရှိတယ်လို့ သိရပါတယ်။

၃။ ခွင့်ပြုကာလ ပြီးဆုံးသွားပေမယ့် ဟောင်ကောင်မှာ ဆန္ဒဆက်ပြနေဆဲ

ဆန္ဒပြခွင့် သတ်မှတ်ကာလ ကုန်ဆုံးသွားပြီ ဖြစ်ပေမယ့် ဟောင်ကောင်မှာ လူပေါင်း ထောင်သောင်းချီ စုရုံးပြီး အစိုးရကို ဆက်လက် ဆန့်ကျင် ဆန္ဒပြနေကြပါတယ်။

ဇွန်လ ၁၆ ရက် ညသန်းခေါင်ယံမှာ အာဏာပိုင်တွေက ခွင့်ပြုထားတဲ့ ဆန္ဒပြခြင်း သတ်မှတ်ကာလ ပြီးဆုံးသွားပြီ ဖြစ်ပေမယ့် နောက်တစ်နေ့မှာလည်း လမ်းမတွေပေါ်မှာ လူတွေ အများကြီး ဆက်ရှိနေပါတယ်။ ဟောင်ကောင် ပြည်သူတွေက တရုတ်နဲ့ တရားခံ လွှဲပြောင်းရေးကိစ္စ ဥပဒေပြုနိုင်ဖို့ ကြိုးစားခဲ့တဲ့ အစိုးရ အဖွဲ့ခေါင်းဆောင် ကယ်ရီလမ်ကို ရာထူးက နုတ်ထွက်ပေးဖို့ တောင်းဆိုနေကြတာ ဖြစ်ပါတယ်။

လမ်ဟာ ဇွန်လ ၁၆ ရက် မနက်ပိုင်းမှာ သူ့ရဲ့ အစီအမံအတွက် ပြည်သူတွေ မကျေမနပ် ဖြစ်ခဲ့တဲ့အပေါ် အနူးအညွတ် တောင်းပန်ကြောင်း ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ ဟောင်ကောင် နိုင်ငံသားတွေကို ဖမ်းဆီးပြီး တရုတ်မှာ တရားစီရင် စစ်ဆေးခွင့် ရသွားစေမယ့် ဥပဒေမျိုး ဖြစ်ပေါ်လာအောင် အားထုတ်ခဲ့မှုအတွက် လမ်ဟာ တာဝန်ယူ နုတ်ထွက်သင့်ကြောင်း ဆန္ဒပြသူတွေက ပြောပါတယ်။

ဥပဒေ သတ်မှတ်မယ့် ကိစ္စကို ဆွေးနွေးဖို့ ရက်အကန့်အသတ်မရှိ ဆိုင်းငံ့ကြောင်း ထိုင်ဝမ် အစိုးရက ကြေညာခဲ့ပေမယ့် ဇွန်လ ၁၆ ရက်မှာ အင်အားကြီးမားတဲ့ ဆန္ဒပြမှုတွေ ဆက်လက် ဖြစ်ပေါ်ခဲ့ပါတယ်။ ဆန္ဒပြသူ အများစုက အနက်ရောင်တွေ ဝတ်ဆင်ထားပြီး လမ်ကို ရာထူးက နုတ်ထွက်ပေးဖို့ ကြွေးကြော် တောင်းဆိုခဲ့ကြပါတယ်။ ဆန္ဒပြပွဲ စီစဉ်သူတွေက လူနှစ်သန်းနီးပါးလောက်ထိ စုပေါင်း ပါဝင်ခဲ့ကြောင်း ပြောပါတယ်။

ဗြိတိန်ဆီကနေ လွတ်လပ်ရေး ရရှိပြီး တရုတ် ပိုင်နက်ထဲ ပြန်လည် ပူးပေါင်းခဲ့တဲ့ ၂၂ နှစ်တာ ကာလအတွင်း ဟောင်ကောင် အစိုးရဟာ အကြီးမားဆုံး နိုင်ငံရေး စိန်ခေါ်မှု တစ်ရပ်နဲ့ ရင်ဆိုင်နေရတာလည်း ဖြစ်ပါတယ်။ ဟောင်ကောင်ဟာ တရုတ် လက်အောက်ခံအဖြစ် ရှိနေပေမယ့် ဒီမိုကရေစီ ထွန်းကားတဲ့ ကိုယ်ပိုင် နိုင်ငံရေး စနစ်မျိုး ကျင့်သုံးနေပါတယ်။ လမ်ရဲ့ တရားခံ လွှဲပြောင်းရေး သဘောတူညီမှု အစီအစဉ်ကြောင့် သူတို့ရဲ့ နိုင်ငံရေး လွတ်လပ်ခွင့်ကို တရုတ်က ခြယ်လှယ် စွက်ဖက်လာနိုင်တဲ့အပေါ် ဟောင်ကောင် ပြည်သူ အများစုက လက်မခံနိုင်ဘဲ ဆန့်ကျင်ခဲ့ကြတာ ဖြစ်ပါတယ်။

၎။ ကမ်းဘရစ်ဂ်ျ တက္ကသိုလ်က ကတ်ထူစက္ကူ လှေပြိုင်ပွဲ

စာမေးပွဲတွေ ပြီးဆုံးတဲ့ အထိမ်းအမှတ်အဖြစ် ကမ်းဘရစ်ဂ်ျ တက္ကသိုလ် ကျောင်းသားတွေရဲ့ ကတ်ထူ စက္ကူ လှေပြိုင်ပွဲကို တပျော်တပါး ကျင်းပခဲ့ကြပါတယ်။

ဇွန်လ ၁၇ ရက်က ကမ်းမြစ်ကို ဖြတ်ပြီး လှော်ခတ်ရတဲ့ လှေပြိုင်ပွဲကို တက္ကသိုလ် ကျောင်းသူကျောင်းသား ၂၀၀၀ လောက် စုရုံး အားပေးခဲ့ကြပါတယ်။ ဒီပြိုင်ပွဲမျိုးကို တက္ကသိုလ်ရဲ့ စာသင်နှစ်ကုန် စာမေးပွဲတွေ ပြီးဆုံးတဲ့ တနင်္ဂနွေနေ့ တစ်ရက်ရက်မှာ နှစ်စဉ် ကျင်းပလေ့ ရှိပြီး Suicide Sundayလို့ အရွှန်းဖောက် နာမည်ပေးထားပါတယ်။

ပါဝင် ယှဉ်ပြိုင်တဲ့ ကျောင်းသူကျောင်းသားတွေက သူတို့ရဲ့ လှေတွေကို ကတ်ထူစက္ကူတွေ သုံးပြီး ကိုယ်တိုင် တည်ဆောက်ရပါတယ်။ အပျော်သဘော ယှဉ်ပြိုင်တာ ဖြစ်တဲ့အတွက် မြစ်လယ်လောက် ရောက်ရင် ရေနဲ့ အပြန်အလှန် လှမ်းပက်ပြီး ပြိုင်ဘက် လှေတွေကို ရေစိုနစ်မြုပ်အောင်လည်း ကြိုးစားကြပါတယ်။

ဗြိတိန် ပညာရေး လောကရဲ့ နာမည်ကြီး တက္ကသိုလ်မှာ စာသင်နှစ်ကုန် စာမေးပွဲတွေ ပြီးဆုံးလို့ စိတ်လွတ်ကိုယ်လွတ် ရှိနေတဲ့ ကာလဖြစ်တာကြောင့် ပြိုင်ပွဲဝင်တွေရော၊ ပရိသတ်တွေပါ အသောက်အစား ကိစ္စလေးတွေ ပါဝင်လေ့ ရှိပါတယ်။ စာမေးပွဲ ပြီးဆုံးပြီး အောင်စာရင်း မထွက်သေးတဲ့ အခုလို သီတင်းပတ်တွေမှာ ပျော်ပွဲရွှင်ပွဲတွေ၊ ပါတီတွေလည်း မျိုးစုံ စီစဉ်ကျင်းပတတ်ကြောင်း သိရပါတယ်။

Monday, June 17, 2019