ကမ်းဘရစ်ဂ်ျ တက္ကသိုလ်က ကတ်ထူစက္ကူ လှေပြိုင်ပွဲ

Mon, 2019-06-17 12:11 -- 7daynews

ဇွန် - ၁၇ ၊ ၂၀၁၉

စာမေးပွဲတွေ ပြီးဆုံးတဲ့ အထိမ်းအမှတ်အဖြစ် ကမ်းဘရစ်ဂ်ျ တက္ကသိုလ် ကျောင်းသားတွေရဲ့ ကတ်ထူ စက္ကူ လှေပြိုင်ပွဲကို တပျော်တပါး ကျင်းပခဲ့ကြပါတယ်။
 
ဇွန်လ ၁၇ ရက်က ကမ်းမြစ်ကို ဖြတ်ပြီး လှော်ခတ်ရတဲ့ လှေပြိုင်ပွဲကို တက္ကသိုလ် ကျောင်းသူကျောင်းသား ၂၀၀၀ လောက် စုရုံး အားပေးခဲ့ကြပါတယ်။ ဒီပြိုင်ပွဲမျိုးကို တက္ကသိုလ်ရဲ့ စာသင်နှစ်ကုန် စာမေးပွဲတွေ ပြီးဆုံးတဲ့ တနင်္ဂနွေနေ့ တစ်ရက်ရက်မှာ နှစ်စဉ် ကျင်းပလေ့ ရှိပြီး Suicide Sundayလို့ အရွှန်းဖောက် နာမည်ပေးထားပါတယ်။
 
ပါဝင် ယှဉ်ပြိုင်တဲ့ ကျောင်းသူကျောင်းသားတွေက သူတို့ရဲ့ လှေတွေကို ကတ်ထူစက္ကူတွေ သုံးပြီး ကိုယ်တိုင် တည်ဆောက်ရပါတယ်။ အပျော်သဘော ယှဉ်ပြိုင်တာ ဖြစ်တဲ့အတွက် မြစ်လယ်လောက် ရောက်ရင် ရေနဲ့ အပြန်အလှန် လှမ်းပက်ပြီး ပြိုင်ဘက် လှေတွေကို ရေစိုနစ်မြုပ်အောင်လည်း ကြိုးစားကြပါတယ်။
 
ဗြိတိန် ပညာရေး လောကရဲ့ နာမည်ကြီး တက္ကသိုလ်မှာ စာသင်နှစ်ကုန် စာမေးပွဲတွေ ပြီးဆုံးလို့ စိတ်လွတ်ကိုယ်လွတ် ရှိနေတဲ့ ကာလဖြစ်တာကြောင့် ပြိုင်ပွဲဝင်တွေရော၊ ပရိသတ်တွေပါ အသောက်အစား ကိစ္စလေးတွေ ပါဝင်လေ့ ရှိပါတယ်။ စာမေးပွဲ ပြီးဆုံးပြီး အောင်စာရင်း မထွက်သေးတဲ့ အခုလို သီတင်းပတ်တွေမှာ ပျော်ပွဲရွှင်ပွဲတွေ၊ ပါတီတွေလည်း မျိုးစုံ စီစဉ်ကျင်းပတတ်ကြောင်း သိရပါတယ်။ 

Monday, June 17, 2019