တပတ်အတွင်းထူးခြား မှုခင်းသတင်းများ (အပတ်စဉ် စနေနေ့တိုင်း)

Sat, 2019-05-25 16:15 -- Nwe Mon Phyo

မေ - ၂၅၊ ၂၀၁၉

၁။စုမဲကိစ္စနဲ့ လမိုင်းမြို့မှာ ရုန်းရင်းဆန်ခတ်ဖြစ်

စုမဲ ကိစ္စနဲ့ပတ်သက်ပြီး လူစုလူဝေးနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့တဲ့ ဖြစ်စဉ် တစ်ရပ် ဒီတပတ်ထဲ ဖြစ်ခဲ့ပါတယ်။

မွန်ပြည်နယ် ၊ ရေးမြို့နယ် ၊ လမိုင်းမြို့ မှာဖြစ်ခဲ့တာပါ။

လမိုင်းမြို့မှာ နေတဲ့မခိုင်ယဉ်မွန်ဆိုတဲ့ အမျိုးသမီးဟာ ပြီးခဲ့တဲ့ မတ်လ က စပြီး ငွေစုတာ ၊ ငွေချေးတာတွေကို လေလံမဲနဲ့လုပ်ကိုင်ရာမှာ လမိုင်းမြို့နဲ့ နီးစပ်ရာကျေးရွာတွေက ဒေသခံနှစ်ရာနီးပါးလောက်က စုငွေထည့်ခွင့်ခဲ့တာပါ။

ဒါပေမယ့် မဲထုတ်ရမယ့် ရက်တွေမှာ တော့ ငွေထုတ်ပေးဖို့ မခိုင်ယဉ်မွန်က ထုတ်မပေးတဲ့ အတွက် မကျေနပ်တဲ့ သူတွေက လမိုင်းမြို့မှာရှိတဲ့ မခိုင်ယဉ်မွန်ရဲ့အိမ်မှာ လူစုလူဝေး နဲ့ ရုန်းရင်း ဆန်ခတ် ဖြစ်ခဲ့ကြတာပဲဖြစ်ပါတယ်။

ဒီလို လူအုပ်စုနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်တာကိုတော့ ရဲတပ်ဖွဲ့က ထိန်းသိမ်းခဲ့ရပါတယ်။

လက်ရှိမှာတော့ မဲဒိုင်ကို ဥပဒေနဲ့အညီ ရင်ဆိုင် ဖြေရှင်းဖို့ ထိန်းသိမ်းထားပြီး မဲဒိုင်က ထုတ်ပေးရမယ့် ငွေပမာဏကို စစ်နေတယ်လို့ သိရပါတယ်။
မခိုင်ယဉ်မွန်ဆီမှာ စုမဲထည့်တဲ့သူတွေဟာ ကျပ်ဆယ်သိန်းကနေ သိန်းထောင်ဂဏန်းလောက်ထိရှိနိုင်ကာ ဖြစ်စဉ်အသေးစိတ်ကိုတော့ ရဲတပ်ဖွဲ့က စုံစမ်းနေပါတယ်။

ရေးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးခင်ညိုက အမှုဖွင့်ဖို့ဆောင်ရွက်နေပြီး လမိုင်းရဲစခန်းမှာ မဲဒိုင်ကို ထိန်းသိမ်းထားတယ်လို့ဆိုပါတယ်။

လက်ရှိမှာတော့ မခိုင်ယဉ်မွန်ကို ယုံကြည်စွာအပ်နှံတာကိုဖောက်ဖျက်တဲ့ ပုဒ်မ နဲ့ အမှုဖွင့်ထားတယ်လို့ ရေးမြို့နယ် အုပ်ချုပ်ရေးမှူး ကပြောပါတယ်။

မေလ ၂၂ ရက်မှာဖြစ်ခဲ့တဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ရပ်ကြောင့် မဲဒိုင် ရဲ့ နေအိမ် ၊ဆိုင်ခန်းနဲ့ကားတစ်စီး တို့ ပျက်စီးခဲ့ပြီး မဲဒိုင်မခိုင်ယဉ်မွန်နဲ့ သူရဲ့အမျိုးသားတို့လည်း ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။

၂။ မယားပါသမီးကို ရှစ်နှစ်ကြာအဓမ္မပြုကျင့်သူကိုအလုပ်ကြမ်းနဲ့ထောင်ဒဏ် ၂၃ နှစ်ချမှတ်

မယားပါ သမီးဖြစ်သူကို ရှစ်နှစ်ကြာ အဓမ္မပြုကျင့်ခဲ့ရပြီး ရရှိလာတဲ့ ကိုယ်ဝန်ကိုလည်း ဖျက်ချစေခဲ့သူကို တရားရုံးက အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၂၃ နှစ်ချမှတ်လိုက်ပါပြီ။

အဲဒီဖြစ်စဉ်ဟာ ဧရာဝတီတိုင်းမှာဖြစ်ခဲ့တာဖြစ်ပြီး အမှုကို ၁၀ ကျော်ကြာစစ်ဆေးပြီးတဲ့နောက် တရားရုံးက အမိန့်ချ လိုက်တာပါ။

အသက် ၄၂ နှစ်အရွယ် ဇော်ဌေးဆိုသူဟာ မိန်းမဘက်က ပထမ အိမ်ထောင်နဲ့ပါလာတဲ့ သမီးဖြစ်သူကို အသက် ၁၄ နှစ်အရွယ်ကတည်းက အဓမ္မပြုကျင့်ခဲ့တာပါ။

ရဲမှတ်တမ်းအရ တော့ ပြီးခဲ့တဲ့ ၂၀၁၀ လောက်က မအေဖြစ်တဲ့သူဟာ ကျောင်းဆရာမဖြစ်ပြီး ဖောင်ကြီးသင်တန်းတက်နေတဲ့အချိန်မှာ သမီးဖြစ်သူဟာ ပထွေးနဲ့ကျန်ရစ်ခဲ့တာလို့သိရပါတယ်။

အဲဒီအချိန်ကတည်းက ပထွေးဖြစ်သူဟာ အဓမ္မပြုကျင့်ခဲ့တာဖြစ်ပြီး မအေဖြစ်သူကို သမီးက ဖြစ်စဉ်ကို ပြန်ပြောပြခဲ့ပေမယ့် မအေ ရော သမီးကိုပါ သတ်ပစ်မယ်လို့ ပထွေးက ပြောတဲ့အတွက် ဒီကိစ္စကို နှုတ်ပိတ်နေခဲ့ရတာပါ။

အဓမ္မပြုကျင့်ခံရတာကြောင့် ကိုယ်ဝန်ရှိလာချိန်မှာလည်း ကိုယ်ဝန်ကို ပထွေးက ဖျက်ချစေခဲ့တာလို့သိရပါတယ်။

နောက်ဆုံးမှာ ရဲစခန်းကို တိုင်ကြားရာမှာ ပြီးခဲ့တဲ့နှစ် ဇူလိုင်လမှာတော့ တရားခံကို ဖမ်းဆီးစစ်ဆေးတာတွေ ပြုလုပ်ခဲ့ပါတယ်။

တရားရုံးကအမိန့်ချ ရာမှာတော့ အဓမ္မပြုကျင့်မှုအတွက် ထောင်ဒဏ် ၂၀ နှစ် ၊ ကိုယ်ဝန်ဖျက်ချစေမှုအတွက် ထောင်ဒဏ် သုံးနှစ် တွေကို သီးခြား ကျခံစေဖို့အမိန့်ချ ခဲ့တာပါ။

၃။ ဟင်းစားမပေးလို့ စကားများရာကနေ လူသတ်မှုဖြစ်

ဟင်းစားမပေးလို့ စကားများရာကနေ သူငယ်ချင်းအချင်းချင်းကြားမှာ လူသတ်မှုဖြစ်ခဲ့ပါတယ်။

ဒီအမှုကလည်း ဧရာဝတီတိုင်းမှာဖြစ်ခဲ့တာပါ။

မြန်အောင်မြို့မှာ ဝက်သားပေါ်ရာမှာ ဟင်းစားမပေရာကနေ စကားများခဲ့ကြတာဖြစ်ပါတယ်။

အခင်းမဖြစ်မီကတော့ သေဆုံးသူ ဝင်းမင်းလတ်နဲ့ ဓားနဲ့သူ ခိုင်းစိုးလင်းတို့ဟာ တစ်ဝိုင်းတည်း အရက်အတူ သောက်ခဲ့ကြတာပါ။

အဲလိုသောက်နေချိန်မှာ လွန်ခဲ့တဲ့ ဆယ်ရက်လောက်က နာရေးအိမ်အတွက် ဝက်သားပေါ်ပေးရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ခိုင်စိုးလင်းက ဟင်စားမပေးတာကိုပြောရင်း စကားများရန်ဖြစ်ကြတာလို့သိရပါတယ်။

ဒီလို စကားများတဲအချိန်မှာ ခိုင်စိုးလင်းက ထရံမှာ ထိုးထားတဲ့ ဓားမနဲ့ ဆွဲယူကာ ဝင်းမင်းလတ်ရဲ့ လည်ပင်းကိုခုတ်တာ ကြောင့် ပွဲချင်းပြီး သေဆုံးခဲ့ရတာလို့ ရဲမှတ်တမ်းကဆိုထားပါတယ်။

‘‘သူတို့နှစ်ယောက်စလုံးက ငယ်သူငယ်ချင်းတွေပါ။ ပြီးခဲ့တဲ့ ၁၀ ရက်က ၀က်ပေါ်ရာမှာ ဟင်း စားမပေးလို့ဆိုပြီး စကားများထား သေးတယ်။ အခင်းဖြစ်နေ့က လည်း သူတို့နှစ်ယောက်အရက် အတူတူသောက်နေတာ။ ပြီး တော့ စကားနိုင်လုကြတယ်လို့ သိရတယ်။ ဒီလိုစကားနိုင်လုရင်း ရန်ဖြစ်လူသတ်မှုဖြစ်ကုန်တာပါ။ တရားခံကိုတော့ အဲဒီနေ့မှာ ချက် ချင်းဖမ်းမိပါတယ်’’ လို့မြန်အောင်မြို့နယ်အုပ်ချုပ်ရေးမှူးကပြောပါတယ်။

ဒီဖြစ်စဉ်မှာတော့ ဓားနဲ့ခုတ်တဲ့သူကို လူသတ်မှုနဲ့အမှုဖွင့်စစ်ဆေးနေပါတယ်။

(မေလ - ၁၉ ရက်မှ ၂၅ ရက်အထိ)
Saturday, May 25, 2019

Top News