လုပ်ငန်းခွင်မှာ စိတ်ဓာတ်ကျခြင်းကို ဖြေရှင်းနိုင်ဖို့

 
စိတ်ဓာတ်ကျနေတဲ့အချိန် အလုပ်တွေလုပ်နေရတဲ့နေ့တွေက လောကငရဲလိုဖြစ်နေပါလိမ့်မယ်။ ဒါပေမယ့် ဒီလိုစိတ်ဓာတ်ကျတဲ့ဝေဒနာကို ခံစားနေရတာ ကိုယ်တစ်ယောက်တည်းလို့ မထင်ပါနဲ့။ လေ့လာချက်တွေအရ အမေရိကန်က အရွယ်ရောက်ပြီးသူ ၁၆ မီလီယံခန့်က သူတို့ရဲ့အလုပ်လုပ်နေရတဲ့တစ်နှစ်တာကာလမှာ စိတ်ဓာတ်ကျခြင်းနဲ့ တိုက်ပွဲဝင်နေကြရတာပါ။
 


စိတ်ဓာတ်ကျခြင်းက အာရုံစူးစိုက်မှုကို လျော့နည်းစေပြီး ပင်ပန်းမောပန်းလွယ်တာကြောင့် အလုပ်လုပ်တဲ့နေရာမှာ အနှောင့်အယှက်စေနိုင်တာကတော့ အမှန်ပါပဲ။ ဒါကြောင့် လုပ်ငန်းခွင်မှာ စိတ်ဓာတ်ကျခြင်းကို ခံစားနေရပြီဆိုရင် ဖြေရှင်းနိုင်မယ့်နည်းလမ်းတွေကို ရှာဖွေဖို့ လိုအပ်ပါတယ်။ ဘယ်လိုနည်းလမ်းတွေက လုပ်ငန်းခွင်မှာ စိတ်ဓာတ်ကျခြင်းကို ဖြေရှင်းဖို့ အကောင်းဆုံးဖြစ်နိုင်မလဲဆိုတာ လေ့လာကြည့်ကြရအောင်။

အထက်လူကြီးနဲ့ ဆွေးနွေးပါ။

လုပ်ငန်းခွင်မှာ စိတ်ဓာတ်ကျနေပြီဆိုရင် ကိုယ့်ရဲ့အထက်လူကြီး ဒါမှမဟုတ် သူဌေးနဲ့ ဆွေးနွေးကြည့်ပါ။ ကိုယ့်ရဲ့ အခက်အခဲတွေ၊ အဆင်မပြေမှုတွေကို ဖွင့်ဟတိုင်ပင်ပြီး ဖြေရှင်းနိုင်မယ့်နည်းလမ်းကို အတူတူရှာဖွေကြည့်ပါ။ ဥပမာ - ခွင့်ရက်ယူပြီး စိတ်အပန်းဖြေတာ၊ အလုပ်တာဝန်အနည်းငယ်ကို တစ်ခြားသူဆီခွဲဝေပေးပြီး စိတ်ဖိစီးမှုကို လျှော့ချတာ ဒီနည်းလမ်းတွေကို အတူတူရှာဖွေနိုင်မယ်ဆိုရင် ပိုအဆင်ပြေပါလိမ့်မယ်။

အလုပ်တွေကို စနစ်တကျစီမံခန့်ခွဲပါ။

အလုပ်တွေ အရမ်းများနေတဲ့အခါမှာလည်း စိတ်ဖိစီးမှုတွေများပြီး စိတ်ဓာတ်ကျလာနိုင်ပါတယ်။ ဒါကြောင့် အလုပ်ကနေ မလိုအပ်တဲ့စိတ်ဖိစီးမှုတွေကို မခံစားရအောင် အလုပ်တွေကို စနစ်တကျစီမံခန့်ခွဲပါ။ အရေးကြီးတဲ့အလုပ်တွေကို အရင်ဆုံးပြီးစီးအောင်လုပ်ပါ။ အရေးကြီးတဲ့အလုပ်တွေလုပ်နေတဲ့အချိန်မှာ တစ်ခြားအလုပ်တွေကိုလုပ်ဖို့ စိတ်မကူးပါနဲ့။

တစ်နေ့တာရဲ့ အကောင်းဆုံးအချိန်ကို သိဖို့လိုပါတယ်။

ကိုယ်က ဘယ်အချိန်မှာ အာရုံစူးစိုက်မှုကောင်းကောင်းလုပ်နိုင်လဲ။ ဘယ်အချိန်ကတော့ ကိုယ့်အတွက်အဆိုးဆုံးအချိန်လဲ။ အဲ့ဒါတွေကို ကောင်းကောင်းသိအောင်လုပ်ပြီး အလုပ်ကောင်းကောင်းလုပ်နိုင်မယ့်အချိန်မှာ အရေးကြီးတဲ့အလုပ်တွေကို ပြီးအောင် လုပ်လိုက်ပါ။

အကူအညီပေးနေနိုင်တဲ့သူတွေအပေါ် မှီခိုပါ။

ကိုယ့်ရဲ့စိတ်ဖိစီးမှုတွေ၊ စိုးရိမ်ပူပန်မှုတွေကို ကူညီဖြေရှင်းပေးနိုင်မယ့်သူတွေအပေါ် ယုံယုံကြည်ကြည်နဲ့ မှီခိုပါ။ သူတို့ရဲ့ အကြံဉာဏ်တွေကို လက်ခံပြီး လိုက်နာဆောင်ရွက်ပါ။

ဆေးကုသမှုခံယူပါ။

ကိုယ့်ရဲ့စိတ်ဓာတ်ကျဝေဒနာက အရမ်းဆိုးရွားနေတယ်လို့ ခံစားရရင်တော့ ကျွမ်းကျင်တဲ့ ဆရာဝန်များနဲ့ တိုင်ပင်ဆွေးနွေးပြီး ဆေးကုသမှုခံယူသင့်ပါတယ်။
 
အလုပ်အကိုင် အခွင့်အလမ်းသစ်များကို ရှာဖွေလိုက်ပါ > http://bit.ly/2uoh0FI