မွေးနေ့လက်ဆောင်အဖြစ် မန္တလေးတွင် အောင်ဆန်းစုကြည်လမ်း ဖွင့်မည်

မန္တလေးမြို့ မဟာအောင် မြေမြို့နယ် ၃၈ လမ်း၊ ၇၃ လမ်း နှင့် ၇၈ လမ်းကြားတွင် ဖောက်လုပ်ထားသည့်လမ်းပိုင်းကို အောင်ဆန်းစုကြည်လမ်းဟု အမည်ပေးရန် စီစဉ်ထားလျှက်ရှိသည်။ (ဓာတ်ပုံ − Ye Lwin FB)

အသစ်ဖောက်လုပ် ထားသည့် ၃၈ လမ်းပိုင်းအသစ်ကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့  လက်ဆောင်အဖြစ် အောင်ဆန်းစုကြည်လမ်းဟု အ မည်ပေးရန် စိတ်ကူးထားကြောင်း မန္တလေးမြို့တော်ဝန်ဒေါက်တာ ရဲလွင်က ပြောသည်။

မန္တလေးမြို့ မဟာအောင် မြေမြို့နယ် ၃၈ လမ်း၊ ၇၃ လမ်း နှင့် ၇၈ လမ်းကြားသည် နယ်မြေခံ တပ်ဧရိယာအတွင်း ပါဝင်နေပြီး လမ်းအပိတ်တစ်ခုအဖြစ် ရှိနေ သည်။ ယာဉ်ကြောစီးဆင်းမှု ပိုမို မြန်ဆန်စေရေး အဆိုပါလမ်းပိတ် ကို လမ်းပိုင်းဖောက်လုပ်နိုင်ရန် ၂၀၀၃ ခန့်က စတင်ကြိုးပမ်းခဲ့ပြီး လက်ရှိအစိုးရလက်ထက်တွင် နယ်မြေခံတပ်က လမ်းမြေဧရိယာ လှူဒါန်းခဲ့သည်။

လမ်းပိုင်းသစ်ဖောက်လုပ် ရန် နယ်မြေခံတပ်ထံမှ ၂၀၁၇ ဇန်န၀ါရီက ခွင့်ပြုချက်ရရှိခဲ့ သည်။

အဆိုပါလမ်းပိုင်းအသစ်ကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မွေး နေ့ဖြစ်သည့် ဇွန်လ ၁၉ ရက်တွင် ဖွင့်လှစ်မည်ဖြစ်သည်။

‘‘ဖွင့်ပွဲမုခ်ဦးရဲ့ အလယ်တိုင် မှာ လူထုခေါင်းဆောင်ပုံကို မွေး နေ့အထိမ်းအမှတ်အဖြစ် ထည့်ပြီး လမ်းအမည်ကိုလည်း မန္တလေးမြို့ ရဲ့ မွေးနေ့လက်ဆောင်အဖြစ် ‘အောင်ဆန်းစုကြည်’လမ်းလို့ အ မည်ပေးဖို့စိတ်ကူးထားပါတယ်’’ ဟု မြို့တော်ဝန်ကဆိုသည်။

‘‘ဒီဧရိယာက တက္ကသိုလ်ဝန်းကျင်ဆိုတော့ ယာဉ်အသွားအလာရှုပ်တယ်။ ဒီလမ်းသစ်ဖောက်လိုက်တော့ ယာဉ်သွားလာဖို့လမ်းတစ်လမ်းထပ်တိုးတာဖြစ်လို့ ပိုအဆင်ပြေသွားတယ်။ လမ်းနာမည်ကိုလည်း ကျွန်တော်တို့ ချစ်ခင်ရတဲ့ အမေစုနာမည်ပေးမယ်ဆိုတာကြားရတာ ဝမ်းသာပါတယ်’’ဟု အဆိုပါ လမ်းအနီးတွင် နေထိုင်သည့် ကိုကျော်ဇောက ပြောသည်။

၇၈ လမ်းမှ ၇၃ လမ်းအထိ အသစ်ဖောက်လုပ်ထားသော ၃၈ လမ်းသည် ပေ ၂,၆၀၀ ရှည်ပြီး လမ်းအကျယ်ပေ ၆၀ နှင့် ပလက် ဖောင်းဧရိယာ ခြောက်ပေကျယ် ၀န်းသည်။ အဆိုပါ လမ်းပိုင်းသစ် ဖောက်လုပ်ရန် ၂၀၁၈-၁၉ ခြောက်လဘတ်ဂျက်မှ ကျပ်သန်း ၃၀၀၊ ၂၀၁၉-၂၀ ဘတ်ဂျက်မှ ကျပ် ၆၆၅ သန်းလျာထားအသုံး ပြုခဲ့သည်။