ပြည်-အောင်လံလမ်းရှိ ပြည်မြို့အဝင် တိုးဂိတ်ကို နေရာပြောင်းရွှေ့ပေးရန် ဒေသခံများဆန္ဒပြ

ပြည်မြို့အ၀င် တိုးဂိတ်ကို နေရာပြောင်းရွှေ့ပေးရန် ဒေသခံများ ဆန္ဒပြနေစဉ် (ဓာတ်ပုံ −ပိုက်တင်)

ပြည်-အောင်လံလမ်းပေါ် ရှိ ပြည်မြို့အဝင် လမ်းအသုံးပြုခ ကောက်ခံသည့် Max Myanmar High Way တိုးဂိတ် ဖျက်သိမ်းပြီး နေရာပြောင်းရွှေ့ပေးရန် မေလ ၂၃ ရက်တွင် ဒေသခံများက တောင်းဆိုဆန္ဒပြခဲ့သည်။

အဆိုပါတိုးဂိတ်သည်  ပြည် မြို့တွင်းနှင့် နီးသည့်ထန်းပေါက် ကျေးရွာအနီးရှိသဖြင့် မြို့နှင့်ဝေး သော အောင်လံမြို့နယ်နှင့် ပြည် မြို့နယ် နယ်နိမိတ်ချင်း ထိစပ် သော ယုံဖြူတောင်ကဲ့သို့ နေရာ၌ ပြောင်းရွှေ့ကောက်ခံရန် လိုလား ကြောင်း ဆန္ဒပြသူများက ပြော သည်။

‘‘ဥပမာပြောမယ်ဗျာ၊ ထန်း ပေါက်ကျေးရွာက တိုးဂိတ်နဲ့ဆို တစ်မိုင်လောက်ပဲ ကွာဝေးတယ်။ ဒိုင်နာကားတစ်စီးက ထန်းပေါက် ကနေ မြို့ထဲဝင်ရင် ငါးရာပေးရ တယ်။ မြို့ထဲကနေထန်းပေါက်ရွာ ကို ပြန်တဲ့အခါကျတော့ ငါးရာ မဟုတ်တော့ဘူး။ အောင်လံမြို့ အဝင်ဂိတ်အထိ တွက်ပြီး မိုင် ၄၀ အသုံးပြုခလောက်ပေးရတယ်။ သုံးထောင်ပေးရတယ်။ ဝက်ထီး ကန်တို့၊ တီတွတ်တို့ဆိုရင် လည်း ၁၀ မိုင်လောက်၊ မိုင် ၂၀ လောက် ပဲဝေးတာ၊မိုင် ၄၀ အသုံးပြုခ ပေး နေရတယ်။ အဲဒါမျိုးဖြစ်သင့်သ လား၊ နစ်နာနေလို့ ဆန္ဒပြတာပါ’’ ဟု ဆန္ဒထုတ်ဖော်ရာတွင် ဦး ဆောင်သူ ဦးလင်းချိုက ပြော သည်။

ဆန္ဒထုတ်ဖော်သူများသည် ဆန္ဒမထုတ်ဖော်မီက ပြည်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံး တွင် Max Myanmar  High Way မှ တာဝန်ရှိသူများနှင့် ညှိနှိုင်းခဲ့ရာ နစ်ဆန်းဒိုင်နာအမျိုးအစား ယာဉ် တစ်စီး ပြည်မြို့တွင်းသို့ ဝင်လျှင် ယခင်ကောက်ခံသည့်အတိုင်း ကျပ်ငါးရာကောက်ခံမည် ဖြစ်ပြီး မြို့တွင်းမှ ပြန်ထွက်ပါက ယခင် ကျပ်သုံးထောင်အစား ကျပ်တစ် ထောင့်ငါးရာသာ ကောက်ခံမည် ဟု ဆွေးနွေးသဖြင့် ယာဉ်မောင်း များနှင့် ယာဉ်ပိုင်ရှင်များက ကျေ နပ်မှုမရှိ၍ လူ ၁၀၀ ခန့်က ဆန္ဒ ထုတ်ဖော်ခြင်းဖြစ်ကြောင်း ၎င်း ကဆိုသည်။

ပြည်မြို့ ထန်းပေါက်ကျေး ရွာကစတင်ကာ ပြည်-အောင်လံ လမ်း Max Myanmar High Way တိုးဂိတ်ရှေ့၊ ရွှေတစ်ချောင်း လမ်း၊ အထွေထွေအုပ်ချုပ်ရေးမှူး ရုံးရှေ့၊ ကမ်းနားလမ်း၊ စည်ပင် သာယာအဖွဲ့ရုံးရှေ့နှင့် ဗိုလ်ချုပ် အောင်ဆန်းမြင်းစီးကျောက်ရုပ် အရှေ့အထိ တစ်နာရီကျော်ကြာ လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ သည်။ ဆန္ဒထုတ်ဖော်သူများသည် ‘ပြည်မြို့အဝင် ထန်းပေါက်ကျေး ရွာအနီး Max Myanmar High Way တိုးဂိတ်အလိုမရှိ၊ အလိုမရှိ’ နှင့် ‘ပြည်မြို့အဝင် ထန်းပေါက် ကျေးရွာအနီး Max Myanmar High Way တိုးဂိတ်အမြန်ဆုံး ဖျက်သိမ်းရေး တို့အရေး တို့အ ရေး’ ဟု စာသားပါ ဗီနိုင်းများကို ကိုင်ဆောင်ကာ  ကြွေးကြော်ဆန္ဒ ပြခဲ့သည်။

အဆိုပါတိုးဂိတ် တာဝန်ရှိ သူတစ်ဦးကို သတင်းထောက်များ က မေးမြန်းရာ မေလဒုတိယပတ် တွင် မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၌ ယာဉ်ပိုင်ရှင်များနှင့် ညှိနှိုင်းပြီးဖြစ် ၍ ဖြေကြားရန်မရှိကြောင်း ပြော သည်။