လှိုင်သာယာမြို့နယ် ညောင်ရွာ၌ မီးလောင်မှုထပ်မံဖြစ်ပွားပြီး အိမ်၈၀ကျော် ဆုံးရှုံး

မတ်လ၂၁ရက်က မီးလောင်နေစဉ် (ဓာတ်ပုံ−မိုးကောင်း)

လှိုင်သာယာမြို့နယ် ပန်းလှိုင်ဂေါက်ကွင်းအနီး ညောင် ရွာတွင် ယမန်နေ့က မီးလောင်ရာ အိမ်ခြေ ၈၀ ကျော်ပျက်စီးဆုံးရှုံးခဲ့ ကြောင်း ညောင်ရွာအုပ်ချုပ်ရေး မှူးဦးသန်းဇော်က ပြောသည်။

ပြီးခဲ့သည့် မတ်လ ၉ ရက် ညနေ ၄ နာရီက ညောင်ရွာတွင် အိမ်ခြေ ၁၀၀ ကျော်မီးလောင်ဆုံး ရှုံးပြီး ၁၂ ရက်အကြာ၌ ဒုတိယ အကြိမ် မီးလောင်မှုဖြစ်ပွားခြင်း ဖြစ်သည်။

မတ်လ ၂၁ ရက် မွန်းလွဲ ၃ နာရီခန့်တွင် မီးစတင်လောင် ကျွမ်းပြီး ထိုမီးလောင်မှုကို မီး သတ်တပ်ဖွဲ့က Level-2 အဆင့် သတ်မှတ်၍ မီးငြှိမ်းသတ်ခဲ့ကာ ၃ နာရီခွဲ၌ မီးငြှိမ်းသတ်နိုင်ခဲ့သည်။

မီးလောင်သည့်နေရာသည် လူဦးရေထူထပ်ပြီး တဲအိမ်များ ကျပ်ညပ်နေခြင်းကြောင့် မီး ပျံ့နှံ့ရန်လွယ်ကူခဲ့ကြောင်း ဒေသ ခံများက ပြောသည်။

‘‘အရင်လောင်ခဲ့တဲ့နေရာမှာ မဟုတ်ပါဘူး။ နောက်ထပ်အိမ် တွေ လောင်တာပါ။ ကလေး တစ်ယောက်က ထမင်း၊ ဟင်း ချက်ပြုတ်ရာက စတင်လောင် ကျွမ်းတယ်လို့ လတ်တလောသိရ တယ်။ စစ်ဆေးနေတုန်းပဲ။ အိမ် ခြေက လောင်တာတော်တော် များတယ်’’ ဟု ဦးသန်းဇော်က ပြောသည်။

အဆိုပါမီးလောင်မှုဖြစ်ပွား စဉ် ထိခိုက်ဒဏ်ရာရရှိမှုကြီးကြီး မားမားမရှိသော်လည်း  မီးခိုးမွှန် သူသုံးဦးနှင့် နဖူးထိခိုက်ဒဏ်ရာရ ရှိသူတစ်ဦးရှိကြောင်း   လှိုင် သာယာမြို့နယ် တိုင်းလွှတ်တော် ကိုယ်စားလှယ်ဦးဝင်းမောင်က ပြောသည်။

‘‘သူတို့ကို ညောင်ရွာမှာရှိတဲ့ အလက(၂)စာသင်ကျောင်းမှာ ယာယီစခန်းဖွင့်ပေးထားတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးအဖွဲ့နဲ့ ညှိ နှိုင်းပြီး သူတို့အတွက် ဘယ်မှာ ထားမလဲဆိုတာ ထပ်စီစဉ်ရမှာ ပေါ့။ အခုလောင်တာက ပန်းခြံ ကွက်လို့ခေါ်တယ်၊ အရင်ပန်းခြံ လို့ သတ်မှတ်ထားတဲ့နေရာပေါ့။ အဲဒီမှာရှိတဲ့ ကျူးကျော်အိမ်တွေ လောင်တာ။ ညောင်ရွာမှာက ကျူးကျော်တွေ နေတာအများဆုံး ပဲ’’ ဟု ဦးဝင်းမောင်က ပြော သည်။ ယင်းမီးလောင်မှုနှင့် ပတ် သက်၍ ဆုံးရှုံးမှုတန်ဖိုးကိုစစ်ဆေး နေဆဲဖြစ်ကြောင်း မီးသတ်တပ်ဖွဲ့ မှတာဝန်ရှိသူတစ်ဦးက ပြော သည်။

ညောင်ရွာတွင် အိမ်ခြေ ၅,၀၀၀ ခန့်ရှိပြီး လူဦးရေ၅၀,၀၀၀ ခန့်နေထိုင်ကြောင်း ဦးဝင်းမောင် က ပြောသည်။