ICOE အစီရင်ခံစာသည် ဇာတ်ကြောင်းအခြေမပြုဘဲ ဖြစ်ရပ်အခြေပြုဖြစ်လာမည်ဟု ယုံကြည်ကြောင်း ကုလလူ့အခွင့်အရေးကောင်စီသို့ မြန်မာသံအမတ်ကြီးပြော

ဂျီနီဗာမြို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း (ဓာတ်ပုံ − UN)

ရခိုင်ပြည်နယ်ဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေး ရေးကော်မရှင် (ICOE)၏ အစီရင်ခံစာသည် ဇာတ်ကြောင်းအ ခြေပြု မဟုတ်ဘဲ ဖြစ်ရပ်အခြေပြု ဖြစ်လာမည်ဟု ယုံကြည် ကြောင်း ဂျီနီဗာမြို့ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားသည်။

အထက်ပါ သံအမတ်ကြီး သည် လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံး၏ အစီရင်ခံစာအပေါ် မတ်လ ၂၀ ရက် တွင် တုံ့ပြန်ပြောကြားစဉ် ယင်းသို့ ထည့်သွင်းပြောဆိုခဲ့ပြီး  မဟာမင်းကြီးရုံး၏ တစ်ဖက်သတ်အစီရင်ခံစာနှင့် အကြံပြုချက်များကို လက်မခံကြောင်း အခိုင်အမာ ငြင်းဆိုသည်။

‘‘ဒီအစီရင်ခံစာ (မဟာမင်းကြီးရုံး၏ အစီရင်ခံစာ)မှာ ပါဝင်နေတဲ့ အချက်အလက်တချို့က သံသယဖြစ်ဖွယ်ရှိပြီး မေးခွန်းထုတ်ရမှာ ဖြစ်ပါတယ်’’ဟု ဦးကျော်မိုးထွန်းက ကုလလူ့အခွင့် အရေး ကောင်စီအား ပြောကြားသည်။

သို့သော်  ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဘင်္ဂါလီ (မူရင်းတွင် ရိုဟင်ဂျာ) များအပေါ် လုံခြုံရေးတပ်ဖွဲ့ဝင်များက လူ့အခွင့်အရေး ချိုးဖောက်မှု ကြီးမားကျယ်ပြန့် စွာ လုပ်ဆောင်သော်လည်း အစိုးရက အရေးမယူခဲ့ကြောင်း လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးက ကောင်စီအား ပြောသည်။

ကုလ လူ့အခွင့်အရေး ကောင်စီသို့ တင်သွင်းသော မဟာမင်းကြီးရုံး၏ လေ့လာဆန်းစစ် ချက် အစီရင်ခံစာသည် ဆင့်ပွားရင်းမြစ်များမှ စုဆောင်းထားသော အချက်အလက်များဖြစ်ပြီး ရခိုင်

အရေးနှင့်ပတ်သက်၍ ကြိုတင်ဆုံးဖြတ်ထားပြီးဖြစ်သော လုပ်ငန်းစဉ်ရှိသည့် လူ့အခွင့်အရေး အဖွဲ့များကလည်း အစီရင်ခံစာ ၏ ဓမ္မဓိဋ္ဌာန်ဖြစ်မှုကို နည်းပါးစေကြောင်း မြန်မာသံအမတ်ကြီးက ဆက်လက်ပြောသည်။

ထို့အပြင် မြန်မာ့တပ်မ တော်သည် ရခိုင်ပြည်နယ် အကြမ်းဖက်ခံရမှု ဖြစ်စဉ်နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရေး ခုံရုံးကို မကြာမီက ဖွဲ့စည်းခဲ့ကြောင်း ကုလလူ့အ ခွင့်အရေး ကောင်စီအား ထည့်သွင်းပြောကြားသည်။

မြန်မာအစိုးရသည် ရခိုင်ပြည်နယ် အရေးကို ဖြေရှင်းဆောင်ရွက်လိုစိတ်နှင့် တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် ဆောင်ရွက်နိုင်သည့်အခြေအနေရှိကြောင်းနှင့်  ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်၍ မည်သည့် နိုင်ငံတကာ တရားစီရင်ရေးစနစ်ကိုမျှ လက်ခံမည်မဟုတ်ဘဲ ပြင်းထန်စွာ ပယ်ချကြောင်း ကောင်စီသို့ သံအမတ်ကြီးက ထပ်လောင်းပြောကြား သည်။

ဝမ်းနည်းဖွယ်ကောင်းသည် မှာ ကမ္ဘာကြီး၏ အာရုံစိုက်မှုသည် ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်၍ အပျက်သဘောဆောင် သည့် ရှုထောင့်မှ ကျဉ်းမြောင်းစွာရှုမြင်နေကြောင်း ဦးကျော်မိုးထွန်း က ကောင်စီအား ပြောသည်။

အပြုသဘောဆောင်သည့် ဖွံ့ဖြိုးတိုးတက်မှုများ ရှိလင့်ကစား မြန်မာနိုင်ငံကို ကုလသမဂ္ဂ၏ ယန္တရားပေါင်းစုံက အထူးစိစစ်ခြင်းအောက်တွင် မသင့်လျော်စွာနှင့် မမျှတစွာ ပစ်မှတ်ထားခံနေရကြောင်း အထက်ပါ သံအမတ်ကြီးက ဆက်လက်ပြောသည်။