သေနတ်တွေ ဗုံးတွေ မလိုချင်တော့ပါ

အယ်ဒီတာ့အာဘော်

‘‘စစ်ပွဲဖြစ်ပွားသည်နှင့် ပထမဆုံးကျဆုံးသူမှာ အမှန်တရားဖြစ်၏’’

ဟီရမ်ဂျွန်ဆင် (အမေရိကန်လွှတ်တော်အမတ်)


ပြီးခဲ့သည့် တနင်္လာနေ့ညတွင် ရခိုင်ပြည်နယ် မြောက်ဦးယဉ် ကျေးမှုအမွေအနှစ်ဒေသရှိ ရှေးဟောင်းမြို့တော် မြောက်ဦးမြို့ပေါ်မှာ ပင် ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွားပြီး ဒေသခံပြည်သူအချို့ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းက တစ်နိုင်ငံလုံးကို တုန်လှုပ်ချောက်ချားစေခဲ့ပါ သည်။

လုံခြုံရေးရဲကင်းစခန်းများကို ရခိုင်လက်နက်ကိုင်အဖွဲ့(AA)က အလစ်ငိုက်ဖမ်းတိုက်ခိုက်မှုများပြုလုပ်သဖြင့် ရဲတပ်ဖွဲ့ဝင် ၂၀ ကျော် ကျဆုံးပြီးနောက်ပိုင်း တပ်မတော်နှင့် AA ကြားတိုက်ပွဲများမှာ ယခုလ ပိုင်းအတွင်း ပိုမိုပြင်းထန်လာသည်။ ယခုနောက်ဆုံးရှေးဟောင်းယဉ် ကျေးမှုမြို့တော်မြောက်ဦးမြို့ပေါ်ထိတိုင် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားလာခြင်းဖြစ်၍ များစွာစိုးရိမ်စရာကောင်းသောအခြေအနေ ဖြစ်သည်။

မတ်လ ၁၈ ရက်ညပစ်ခတ်မှုဖြစ်စဉ်နှင့်ပတ်သက်၍ တပ်မတော် က နောက်တစ်နေ့တွင် ‘မတ်လ ၁၈ ရက်ညနေပိုင်းတွင် မြောက်ဦး မြို့တွင်းနှင့် တပ်ရင်းဌာနချုပ်များအား ပစ်ခတ်နှောင့်ယှက်ရန်မြောက် ဦးမြို့နေ တာဝန်သိပြည်သူအချို့ထံမှ သတင်းရရှိသဖြင့် မြောက်ဦး မြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော် စစ်ကြောင်းတစ်ကြောင်းသည် မြို့နှင့်တပ်ရင်းဌာနချုပ်များ လုံခြုံရေး အတွက် မြောက်ဦးမြို့သို့ပြန်လည်ချီတက်လာရာ AA အကြမ်းဖက် သောင်းကျန်းသူများက မြောက်ဦးမြို့အ၀င်ရှိ မြို့နေပြည်သူလူထု၏ နေအိမ်များပေါ်မှ ည ၇ နာရီ ၃၅ မိနစ်မှစတင်၍ ၃၀ မိနစ်ကြာသည် အထိ နှောင့်ယှက်ပစ်ခတ်ခဲ့၍ တပ်မတော်စစ်ကြောင်းများနှင့် အပြန် အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။ ထို့အပြင် မြောက်ဦးမြို့ရှိ နယ်မြေခံ တပ်ရင်းဌာနချုပ်များကိုလည်း ရပ်ကွက်နေပြည်သူလူထုနေအိမ်များအား အကာ အကွယ်ရယူလျက် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နှောင့်ယှက်ပစ်ခတ်ပြီး ည ၈ နာရီဝန်းကျင်ကစ၍ ပစ်ခတ်မှုပြီးဆုံးခဲ့ ပါသည်’ဟု သတင်းထုတ်ပြန်ခဲ့သည်။ သို့သော် AA အဖွဲ့ကမူ မြောက်ဦးမြို့ပေါ်တွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိကြောင်း၊ တပ်မတော် ကသာ ဒေသခံအရပ်သားများကို ဦးတည်တိုက်ခိုက်နေသည်ဟု စွပ်စွဲသည်။

ဒေသခံအချို့က ပစ်ခတ်မှုကိုတပ်မတော်ဘက်ကပြုလုပ်သည်ဟုဆိုသည်။ သို့သော် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဗိုလ်မှူးကြီး ၀င်းဇော်ဦးက 7Day Daily သတင်းစာသို့ ဖြေကြားရာတွင် AA အဖွဲ့ က ရှေးဟောင်းစေတီပုထိုးများ၊ လူနေအိမ်များကို အကာအကွယ်ယူ၍ တပ်မတော်အားပစ်ခတ်ခြင်းများပြုလုပ်ပြီး အချို့နေရာများတွင် တပ်မတော်အသွင်ယူ၍ ပစ်ခတ်ခြင်းပင်ရှိကြောင်း ပြောသည်။ ထို့ကြောင့် ပစ်ခတ်မှု၏ဖြစ်စဉ်အပေါ် နှစ်ဖက်ထုတ်ပြန်ချက်များ ကွဲလွဲနေသည်။

သို့သော် မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသသည် နိုင်ငံ တော် အဆင့်ကာကွယ်စောင့်ရှောက်ခံအမွေအနှစ်ဖြစ်ပြီး လာမည့် စက်တင်ဘာတွင်  ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် တင်သွင်းရန် ကြိုးပမ်းနေသည်။ ထိုအခြေအနေတွင် ယဉ်ကျေးမှုအမွေအနှစ် ဒေသတွင် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းခြင်းဆိုင်ရာလုပ်ငန်းများအပေါ် ထိခိုက်မည်ကိုစိုးရိမ်ဖွယ် ဖြစ်၏။ ထို့အပြင် ပစ်ခတ်မှုများကြောင့် ပြည်သူများ ထိခိုက်ဒဏ် ရာရရှိပြီး နိုင်ငံတကာမှ ယဉ်ကျေးမှုအမွေအနှစ် ခရီးစဉ်သစ်အဖြစ် ပိုမိုသိရှိလာစေရန် ဖော်ထုတ်နေသော မြောက်ဦးဒေသမှ ပြည်သူ များသည် စိုးတထိတ်ထိတ်ဖြင့် နေထိုင်နေရသည်။ တိုင်းရင်းသား အချင်းချင်းဖြစ်ပွားနေသောစစ်ပွဲများကြောင့် ယခုအခါ ရခိုင်ပြည် နယ်တွင် မြို့နယ်ခုနစ်မြို့နယ်၌ တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ဘေး ဒုက္ခသည် တစ်သောင်းခွဲကျော်ရှိနေပြီဖြစ်သည်။

စစ်ပွဲများဖြင့် ငြိမ်းချမ်းရေးဖော်ဆောင်ရန် မဖြစ်နိုင်သဖြင့် ဒေသခံပြည်သူများ ထပ်မံဒုက္ခမရောက်စေရန် တာဝန်ရှိသူများ အ မြန်တွေ့ဆုံဆွေးနွေး အဖြေရှာရန် လိုအပ်ပါသည်။ မျှော်လင့်စရာရှိ နေသည်မှာ ယနေ့ (မတ်လ ၂၁ ရက်) တွင် နေပြည်တော်၌ အမျိုး သားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) နှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်မထိုးရသေးသည့် အဖွဲ့ရှစ်ဖွဲ့ တွေ့ဆုံဆွေးနွေးမည်ဖြစ်ရာ  AA အဖွဲ့မှ တာဝန်ရှိသူများလည်း တက်ရောက်မည်ဖြစ်သည်။ နေ ပြည်တော်ရှိ ဆွေးနွေးပွဲမှ ပြည်သူများအတွက် သတင်းကောင်းပါးနိုင် စေရန် တာဝန်ရှိသူများ ကြိုးစားကြရန် တိုက်တွန်းလိုက်ရပါသည်။

‘‘ငြိမ်းချမ်းရေးရဖို့အတွက် ကျွန်မတို့ သေနတ်တွေ၊ ဗုံးတွေမလို ပါဘူး။ မေတ္တာနဲ့ ကရုဏာပဲလိုအပ်ပါတယ်’’ (မာသာထရီဆာ)

Top News