တိုင်ကြားမှုများကို အကာအကွယ်ပေးမည်မဟုတ်ဘဲ ဥပဒေအရ ဆောင်ရွက်မည်ဟု တနင်္သာရီခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ပြော

ထားဝယ်လူထုတွေ့ဆုံပွဲပြုလုပ်နေစဉ် (ဓာတ်ပုံ − ဘိုဘို)

တိုင်ကြားမှုများနှင့်ပတ်သက်၍ အကာအကွယ်ပေးမည်မဟုတ်ဘဲ စစ်ဆေး တွေ့ရှိချက်များကို အများပြည်သူသိရှိအောင် ထုတ်ပြန်ပေးမည်ဟု တနင်္သာရီတိုင်း ခရီးစဉ် အတွင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်က ပြောကြားသည်။

ဖေဖော်ဝါရီ ၁၅ ရက်က ထားဝယ်နှင့် ကော့သောင်းမြို့တို့တွင် ပြုလုပ်သည့် လူထု တွေ့ဆုံပွဲများ၌ ဒေသခံများက အဂတိ လိုက်စားမှုရှိသည်ဟု တိုင်ကြားခံရသော တနင်္သာရီတိုင်း ၀န်ကြီးချုပ်၊ စီမံဘဏ္ဍာဝန်ကြီး၊ ဒီချုပ်ဗဟိုအလုပ်အမှုဆောင်၊ တိုင်းဒီချုပ် ဥက္ကဋ္ဌတို့၏ လုပ်ဆောင်ချက်များကို စုံစမ်းစစ် ဆေးပေးရန်တင်ပြရာ ဒေါ်အောင်ဆန်းစု ကြည်က အထက်ပါအတိုင်းပြောကြားခဲ့သည်။

‘‘ဆင်းရဲဒဏ်ခံနိုင်ပေမယ့် တချို့ ချမ်းသာ ဒဏ်မခံနိုင်ပါဘူး။ ချမ်းသာဒဏ်မခံနိုင်ဘူးဆို တာက ကိုယ့်ရဲ့ရာထူးအခွင့်အရေးနဲ့ပတ်သက် ပြီးတော့ မှန်မှန်ကန်ကန် တည်တည်ငြိမ်ငြိမ် မနေနိုင်တာကိုဆိုလိုပါတယ်။ အဂတိလိုက်စား မှုကော်မရှင်ကို ရောက်သွားတဲ့အဖွဲ့တွေကို ကျွန်မတို့ ဘာမှဝင်မရှုပ်ပါဘူး။ ဘယ်သူ့ကိုမှ လည်း ကာကွယ်ဖို့ ကျွန်မတို့မစဉ်းစားပါဘူး။ အမှန်အတိုင်း၊ တရားဥပဒေအတိုင်း ဆက် လက်ပြီးလုပ်သွားမှာဖြစ်ပါတယ်’’ ဟု ကော့ သောင်းမြို့ လူထုတွေ့ဆုံပွဲတွင်ဖြေကြား သည်။

ထားဝယ်မြို့ လူထုတွေ့ဆုံပွဲတွင်လည်း ‘‘ကျွန်မတို့ စုံစမ်းစစ်ဆေးရမယ့်ကိစ္စတွေကို သက်ဆိုင်ရာဌာနကနေပြီးတော့ တာဝန်အရ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ကျွန်မတို့အနေနဲ့တော့ ဌာနတွေ ရဲ့ တွေ့ရှိချက်တွေကို ဘာမှဖုံး ကွယ်ထားစရာမရှိပါဘူး။  ပြည် သူလူထုတွေကလည်းပဲ ကိုယ့် တာဝန် ကိုယ်ကျေအောင်လုပ်ပါ။ ကျွန်မတို့ တိုင်းအစိုးရများ၊ ပြည် နယ်အစိုးရများ တာဝန်ကျေပွန်ဖို့ အတွက်လည်း ကျွန်မတို့ ဗဟို အစိုးရကနေပြီးတော့ တာဝန်ယူ ပါ့မယ်’’ဟု ၎င်းက ကတိပြုပြော သည်။

ထို့အပြင် ထားဝယ်ခရိုင် လျှပ်စစ် ထုတ်လုပ်ရေးအတွက် တိုင်းအစိုးရအဖွဲ့သည် နိုင်ငံ တော်သို့ ဓာတ်ငွေ့ဖိုးကျပ်သိန်း ရှစ်သောင်း (ရှစ်ဘီလီယံ) ကျော် ပေးသွင်းခြင်းမရှိသည့် GGS ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုစဉ် ကွက်လပ်ချန်၍ ချုပ်ဆိုခဲ့မှုများကို လည်း စုံစမ်းစစ်ဆေး၍ တွေ့ရှိ ချက်များကို အများပြည်သူသိရှိ စေရန် ထုတ်ပြန်ပေးမည်ဟု အတိုင်ပင်ခံပုဂ္ဂိုလ်က ဆက်လက် ပြောသည်။

ဖေဖော်ဝါ ၁၃ ရက်ကစ၍ သုံးရက်ကြာမြင့်သည့် တနင်္သာရီ တိုင်းမြိတ်၊ ကော့သောင်းနှင့်ထား ၀ယ်မြို့ခရီးစဉ်အတွင်း လမ်းတစ် လျှောက်ရှိ ဒေသခံများနှင့် ကျောင်းသားသမဂ္ဂများက ၀န် ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်၊ တိုင်းစီမံဘဏ္ဍာဝန်ကြီး ဦးဖြိုးဝင်း ထွန်းနှင့် ဒီချုပ်ဗဟိုအလုပ်အမှု ဆောင်၊ တိုင်းဒီချုပ်ဥက္ကဋ္ဌ ဦး အောင်စိုးတို့ကို ဖယ်ရှားပေးရန် နှင့် အဂတိလိုက်စားမှုရှိ၊ မရှိစစ် ဆေးအရေးယူပေးရန် ဆိုင်းဘုတ် များကိုင်ဆောင် ဆန္ဒထုတ်ဖော်ခဲ့ ကြပြီး လူထုတွေ့ဆုံပွဲများတွင် လည်း တိုင်ကြားခဲ့သည်။

တနင်္သာရီတိုင်းအစိုးရနှင့် ပြည်သူနီးစပ်မှုမရှိ

ပြည်သူများ၏ တင်ပြချက် အများစုမှာ တိုင်းအစိုးရအဖွဲ့က လုပ်ဆောင်ရမည့် ကိစ္စများသာ ဖြစ်ပြီး ထိုသို့ဖြစ်ရခြင်းမှာ အစိုးရ သည်ပြည်သူလူထုနှင့် နီးစပ်မှု မရှိသဖြင့်ဖြစ်ကြောင်း ဖေဖော်ဝါ ရီ ၁၅ ရက် နံနက်က ပြုလုပ် သည့် ကော့သောင်းမြို့ လူထု တွေ့ဆုံပွဲအခမ်းအနားတွင် အ တိုင်ပင်ခံပုဂ္ဂိုလ်က မှတ်ချက်ပြု သည်။

‘‘ဒီမိုကရေစီ စနစ်အရ ရွေးချယ်ခံထားရတဲ့ အစိုးရဆိုတာ တာဝန်အရှိဆုံးလို့ ကျွန်မပြောချင် ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူလူထုရဲ့ ထောက်ခံမှုကို တောင်းခံပြီးတော့ အစိုးရဖွဲ့ထား တာပါ။ ပြည်သူလူထုရဲ့ထောက်ခံမှုကိုတောင်းခံပြီး အစိုးရဖွဲ့ထား မှတော့ ပြည်သူအတွက်တာဝန် ယူရမှာ။ ဒါဘယ်လိုမှရှောင်လွှဲ လို့မရပါဘူး’’ ဟု ဒေါ်အောင် ဆန်းစုကြည်က သတိပေးသည်။

ထို့အပြင် ပြည်သူများအ တွက် ချက်ချင်းဆောင်ရွက်မပေး နိုင်သည့် ကိစ္စများနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က တောင်း ပန်သည်။

လျှပ်စစ်မီတာခကြီးမြင့်မှု မဟာဓာတ်အားလိုင်းသွယ် ဖြေရှင်းပေးမည်

တနင်္သာရီတိုင်းအတွင်း မ ဟာဓာတ်အားလိုင်းရောက်ရှိခြင်းမရှိသဖြင့် လျှပ်စစ်ဓာတ်အား တစ်ယူနစ်လျှင် အနည်းဆုံးကျပ် ၂၀၀ မှ အများဆုံး ကျပ် ၅၀၀ခန့် အထိ ဆယ်စုနှစ်ပေါင်းများစွာ ပေးဆောင်နေရသဖြင့် အခက် အခဲများဖြစ်ပေါ်လျက်ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ခရီး စဉ်အတွင်း ပြည်သူများက တင်ပြ သည်။

ပြည်သူများ၏ တင်ပြချက် အပေါ် ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၈ - ၁၉ဘဏ္ဍာနှစ်ကစ၍ မော်လမြိုင်- ရေး - ထားဝယ် မဟာဓာတ်အားလိုင်းသွယ်တန်း မှုကို စတင်လျက်ရှိပြီး ၂၀၂၀ -၂၁ ဘဏ္ဍာနှစ်တွင်လည်း တနင်္သာရီတစ်တိုင်းလုံး မဟာ ဓာတ်အားလိုင်းရောက်ရှိစေရန် ဆောင်ရွက်ပေးမည်ဟု ကတိ ပေးခဲ့သည်။

ထားဝယ်ကြိမ်လုံး လက်ဆောင်ပေး

တိုင်းအစိုးရအဖွဲ့ကို ဆုံးမ ရန်တနင်္သာရီတိုင်းသို့ လာရောက် ခြင်းဖြစ်သည်ဟု ပြောကြားခဲ့ သော ဒေါ်အောင်ဆန်းစုကြည်၏ ဖေဖော်ဝါရီ ၁၅ရက်ထားဝယ်မြို့ ခရီးစဉ်အတွင်း ဒေသခံအချို့က ‘အမေ့အတွက် လက်ဆောင် ထားဝယ်ကြိမ်’ ဟု ရေးသားထား သောဆိုင်းဘုတ်များနှင့် ကြိမ်လုံးများအစည်းလိုက်ကိုင်ဆောင်ကာ လာရောက်ခဲ့သည်။

ပြည်သူများက ဖယ်ရှားပေး ရန် တောင်းဆိုနေသည့် ၀န် ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်နှင့် ဦးအောင်စိုးတို့၏ မဲဆန္ဒနယ်ဖြစ် သော သရက်ချောင်းမြို့ဒေသခံလူငယ်ရှစ်ဦးခန့်ကမူ ‘တနင်္သာရီ တိုင်း NLDပါတီကိုသွေးခွဲနေသော တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဖယ်ရှား ပေး၊ တနင်္သာရီတိုင်း NLDပါတီ တိုင်းလွှတ်တော် ဥက္ကဋ္ဌကြောင့် ဖရိုဖရဲဖြစ်နေပြီ’ ဟူသော ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ တန်ပြန်ဆန္ဒထုတ်ဖော်မှု ပြုလုပ် ခဲ့ကြောင်း ထားဝယ်မြို့ခံများက ပြောသည်။

Top News