"တောင်နဝင်းဆည် ကျိုးပြီဆိုတဲ့ ကောလာဟလကြောင့် ဒေသခံတွေ ထိတ်လန့်ခဲ့ရ"

ဓာတ်ပုံ-ကိုမင်း


ပဲခူးတိုင်းပေါက်ခေါင်းမြို့နယ်မှာရှိတဲ့ တောင်နဝင်းဆည် ကျိုးကျတယ်ဆိုတဲ့ ကောလာဟလကြောင့် ဒေသခံတွေဟာ ဒီကနေ့မနက်ပိုင်းက ထိတ်ထိတ်လန့်လန့်ဖြစ်ခဲ့ရပါတယ်။




ဒီကနေ့ မနက်ပိုင်း ကိုးနာရီခွဲလောက်က တောင်နဝင်းဆည်ကျိုးပြီးရေများဝင်လာနေပြီဆိုတဲ့ ကောလာဟလကြောင့် ဆည်အောက်ပိုင်းမှာနေထိုင်သူတွေ စိုးရိမ်ထိတ်လန့်ကာပြေးလွှားခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

 
ဒီကောလာဟလကြောင့် ဆည်ကိုလာရောက်ကြည့်ရူသူတွေ များပြားခဲ့ပြီး ဆည်ကျိုးတယ်ဆိုတာမှားယွင်းတယ်လို့ ပြောကြပါတယ်။

 
ပြည်ခရိုင် ဆည်မြောင်းဦး ဦးစီးဌာနကလည်း ဆည်ကန်ဘောင်ရဲ့ပြောင်းလဲမှုအခြေအနေကို အမြဲတမ်း စောင့်ကြပ်ကြည့်ရှုနေတာဖြစ်ပြီး ဆည်ကျိုးတယ်ဆိုတာလည်းမဟုတ်ကြောင်း ခရိုင်ဆည်မြောင်းဦးစီးဌာနမှူး ဦးဇော်ဦးက ပြောပါတယ်။

 
ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းကတော့ တောင်နဝင်းဆည် ကန်ပေါင်ဟာ အက်ကြောင်းအနည်းငယ်ဖြစ်ပွားတာနဲ့ တာတမံနိမ့်ကျတာမျိုးရှိခဲ့ပေမယ့် ပြုပြင်ထိန်းသိမ်းမှုတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။


ဒါအပြင် ဆည်နဲ့ပတ်သတ်တဲ့ ကောလာဟလတွေကို ချေဖျက်နိုင်ဖို့အတွက် ဒေသတွင်းကျေးရွာတွေကို ကွင်းဆင်းကာ ရှင်းပြခဲ့ရတယ်လို့ ပေါက်ခေါင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်က ဆိုပါတယ်။
လက်ရှိမှာတော့ ဆည်ကျိုးတယ်လို့ ကောလာဟလ သတင်းဖြန့်တဲ့သူတွကို စုံစမ်းနေပြီး ထိထိရောက်ရောက်အရေးယူ မယ်လို့ ပေါက်ခေါင်းမြို့နယ် အုပ်ချုပ်ရေးမှူး  ဦးကျော်ဌေးဆီက သိရပါတယ်။


ဓာတ်ပုံ-ကိုမင်း

 


Top News