ကလေးနှစ်ယောက် ပေါ်လစီနဲ့ နိုင်ငံတကာစံနှုန်း

မဟာဆန်မုန်တိုင်းကြောင့် ပြောင်းရွှေ့နေသည့် ဘင်္ဂါလီမိသားစုတစ်စု ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)

ဘူးသီးတောင်နဲ့ မောင်တောမှာရှိတဲ့ ရိုဟင်ဂျာပဲခေါ်ခေါ် ဘင်္ဂါလီပဲပြောပြော၊ အဲဒီမှာရှိနေတဲ့ မွတ်ဆလင်တွေကို မိသားတစ်စုကလေးနှစ်ယောက် အစီအစဉ်နဲ့ ကန့်သတ်ချက်ကို နိုင်ငံတကာက ကန့်ကွက်ဝေဖန်သံတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာပါတယ်။

၁၉၉၀ ပြည့်လွန်နှစ်များကပင် အဆိုပါညွှန်ကြားချက် ထုတ်ပြန်ခဲ့ဖူးပြီး ထိရောက်မှုမရှိသဖြင့် မြို့ နယ်အုပ်ချုပ်ရေးမှူးနှင့် နယ်စပ်ဒေသလူဝင်မှုစစ်ဆေးရေးနှင့်ကွပ်ကဲမှုဌာန (နစက)ဒေသဆိုင်ရာအမိန့်အဖြစ် မေလ တတိယပတ်အတွင်းက ထုတ်ပြန်ခဲ့ခြင်းဖြစ်တယ်လို့ ပြည်နယ်အစိုးရတာဝန်ရှိသူက ပြောထားပါတယ်။

သို့သော် ယင်းညွှန်ကြားချက်က လူ့အခွင့်အရေးရှုထောင့်ကကြည့်ရင် ခွဲခြားဆက်ဆံတယ်ဆိုတဲ့ ကောက်ချက်ကို ဆွဲလို့ရနေတဲ့အတွက်ပါပဲ။ မြန်မာနိုင်ငံရဲ့ ဒေသတစ်ခုတည်းမှာပဲကွက်ပြီး အခုလို အစီ အစဉ်ချမှတ်တဲ့အတွက်လည်း လက်ညှိုးထိုးစရာ ပိုပြီးဖြစ်လာရပါတယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံတကာ ဥပဒေစံနှုန်းအရ လက်မခံနိုင်ဖွယ်ဖြစ်နေလို့ပါပဲ။

တရုတ်နိုင်ငံမှာ လူဦးရေများလွန်းတဲ့အတွက် ၁၉၇၈ ခုနှစ်မှာ မိသားစုတစ်စုကို ကလေးတစ်ယောက်နှုန်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကန့်သတ်ခဲ့ပါတယ်။ ခြွင်းချက်အချို့ကိုတော့ ပေးထားပါတယ်။ တောနေလူထု၊ လူနည်းစု၊ အမြွှာ၊ မိဘတွေကိုယ်တိုင်က အရွယ်မရောက်သေးသူတွေ စသဖြင့်ပါ။

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဆိုတော့ နိုင်ငံတကာက ဝေဖန်အပြစ်တင်ပေမယ့် အရာမရောက်ခဲ့ပါဘူး။ ဒါပေမဲ့ ကလေးတစ်ယောက်ပဲ ယူခွင့်ရှိတဲ့အတွက် အရင်မွေးလာတာ မိန်းကလေးဖြစ်ရင် စွန့်ပစ်တာ၊ သတ်ပစ်တာတွေဖြစ်လာပါတယ်။ အဲဒီနောက် မိန်းကလေးဦးရေနည်းပါးလာတဲ့အတွက် အိမ်ထောင်ဖက်မလုံလောက်တာ၊ မောင်နှမ မရှိတဲ့အတွက်  အဲဒီနောက်ပိုင်းမျိုးဆက်ကလူတွေ ပိုပြီးတစ်ကိုယ်ကောင်း ဆန်လာတာ စသဖြင့် အခြားလူမှုရေးပြဿနာတွေ ဖြစ်လာပါတယ်။

မြန်မာနိုင်ငံအခြေအနေကတော့ ကွဲပြားပါတယ်။ ဘင်္ဂလားဒေ့ရှ်နယ်စပ်နဲ့ နီးကပ်တဲ့ ဘူးသီးတောင်နဲ့ မောင်တောမှာ မွတ်ဆလင်လူဦးရေတိုးနှုန်းက ဒေသခံတွေကို စိုးရိမ်စေခဲ့ပါတယ်။ ရခိုင်ပြည်နယ်ကို သွားရောက်လေ့လာခဲ့သူတစ်ဦး ၀ါရှင်တန်ကိုရောက်စဉ်မှာ သူ့ရဲ့ အတွေ့အကြုံကို ပြန်ပြောပြပါတယ်။ မိသားစုတစ်စုအတွင်းမှာ မိသားစုဝင် ၉၈ ယောက်အထိရှိတာကို တွေ့ခဲ့ရတယ်လို့ဆိုပါတယ်။ လူ သားချင်းစာနာထောက်ထားနေတဲ့ တစ်ပြိုင်နက်တည်းမှာပဲ ဒီလူဦးရေတိုးနှုန်းက ကြောက်ခမန်းလိလိဖြစ်နေတာကလည်း ရှောင်လွှဲလို့မရတဲ့အချက်ပါ။

အထူးသဖြင့် ပညာအရည်အချင်းနည်းပါးပြီး စီးပွားရေး အခွင့်အလမ်းနည်းပါးတဲ့ တောနေလူထုကြား ဘာသာရေးအကြောင်းပြပြီး မိန်းမတစ်ဦးထက်မက ယူနေကြခြင်းကလည်း ဒီပြဿနာရဲ့ ရင်းမြစ်တစ်ခုပါ။အိမ်နီးချင်း အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နဲ့ ပါကစ္စတန်နိုင်ငံတွေမှာလည်း ဒီပြဿနာရှိပါတယ်။ အရင်က ဆင်းရဲသူများတဲ့ အိန္ဒိယမှာ မွေးဖွားနှုန်းမြင့်ပေမယ့် ငတ်မွတ်ခေါင်းပါးမှု၊ ရောဂါဘယတွေနဲ့ သေဆုံးနှုန်း ကလည်း မြင့်နေတဲ့အတွက် လူဦးရေက တည်ငြိမ်မှု တစ်စုံတစ်ရာရှိခဲ့ပါတယ်။

အခုအခါမှာတော့ တိုးတက်လာနေတဲ့ ကျန်းမာရေးစောင့်ရှောက်မှုကြောင့် သေဆုံးနှုန်းကျဆင်းသွားပေမယ့် မွေးဖွားနှုန်းမြင့်နေဆဲ အိန္ဒိယမှာ လူဦးရေပေါက်ကွဲမှုနဲ့ ရင်ဆိုင်နေရပါတယ်။ လူဦးရေ များလွန်းတဲ့အတွက် စီးပွားရေးတိုးတက်နှုန်းနဲ့ ဘယ်လိုမှလိုက်မမီနိုင်တော့ပါဘူး။ ဒါကြောင့် နိုင်ငံနဲ့အ၀န်း မိသားစုအရွယ်အစားထိန်းချုပ်ဖို့၊ ပညာပေးဖို့၊ ဒါတွေကို ကုလသမဂ္ဂက ဦးဆောင်ပြီး ကြိုးပမ်းနေပေမယ့် အောင်မြင်မှုက အကန့်အသတ်နဲ့ပါ။

ကုလသမဂ္ဂလူဦးရေဆိုင်ရာ ရန်ပုံငွေအဖွဲ့က တောင်အာရှမှာ အမျိုးသမီးတွေရဲ့ ပညာရေးကို မြှင့်တင်ပေးဖို့ ကြိုးပမ်းနေပါတယ်။ အမျိုးသမီးတွေ ပညာတတ်လာတာနဲ့အမျှ မိသားစုစီမံကိန်းတွေကို ပိုပြီးစိတ် ၀င်စားလာမှာဖြစ်သလို အမျိုးသားတွေကိုပဲ မှီခိုနေရတဲ့ဘ၀က လွတ်မြောက်နိုင်အောင် ဖြစ်ပါတယ်။ဆိုလိုတာက ဒီလို လူဦးရေတိုးပွားနှုန်း မြင့်လွန်းတဲ့ကိစ္စကို တကယ့်ပြဿနာတစ်ရပ်အဖြစ် နိုင်ငံတကာက လက်ခံထားပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီပြဿနာကို ဘယ်လိုဘယ်ပုံ ချဉ်းကပ်တယ်ဆိုတာက အရေးကြီးပါတယ်။

မြန်မာအစိုးရအတွက်လည်း ဒီပြဿနာကို ရင်ဆိုင်ရတာ မလွယ်ကူပါဘူး။ ပြည်တွင်းတောင်းဆိုချက်၊ နိုင်ငံတကာတောင်းဆိုချက်နဲ့ သဟဇာတဖြစ်အောင် လိမ်လိမ်မာမာကိုင်တွယ်နိုင်ဖို့ လိုလာပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က အရင် ပြီးခဲ့တဲ့အကြမ်းဖက်မှုတွေမှာ ဥပဒေအခြေခံကနေသာဆောင်ရွက်ဖို့ ပြောဆိုခဲ့ပြီး မွတ်ဆလင်အခွင့်အရေးဘက်က ပြောဆိုခဲ့ခြင်းမရှိဘူးဆိုပြီး နိုင်ငံတကာမီဒီယာတွေက ပြစ်တင်ရေးသားခဲ့ကြပါတယ်။ အခု ဒီကလေးနှစ်ယောက် ပေါ်လစီအတွက် ကန့်ကွက်ပြောဆိုလာချိန်မှာတော့ ပြည်တွင်းက ဝေဖန်မှုအချို့ ကြားရပြန်ပါတယ်။

တစ်လင်တစ်မယားစနစ်ကို မြန်မာနိုင်ငံမှာ ဥပဒေပြဋ္ဌာန်းကျင့်သုံးတာမရှိပါဘူး။ အနောက်နိုင်ငံတွေမှာ ဥပမာ အမေရိကန်နိုင်ငံမှာလည်း ဒီပြဿနာရှိပါတယ်။ အနောက်နိုင်ငံတွေမှာ ဥပဒေအရ တစ်ကြိမ်မှာ အိမ်ထောင်တစ်ခါသာ ပြုခွင့်ရှိပါတယ်။ အိမ်ထောင်တစ်ခုကို တရားဝင်ကွာရှင်းပြီးမှသာ နောက်အိမ်ထောင်ကို ပြုခွင့်ရှိပါတယ်။

အဲဒီမှာ မိုမန်ခရစ်ယာန်သင်းခွဲတွေထဲက တစ်ကြိမ်တည်း မိန်းမများစွာယူတဲ့ဓလေ့ကို ကျင့်သုံးလာတဲ့အတွက် ဥပဒေအရ မကြာခဏ ဖမ်းဆီးအရေးယူတာတွေ သတင်းတွေမှာ မြင်တွေ့ နေရပါတယ်။ ဒါဟာ ဘာသာရေးကို ဖိနှိပ်ချုပ်ချယ်တာလို့ မိုမန်ဘာသာရေးအဖွဲ့က ပြောပေမယ့် ဒီနိုင်ငံရဲ့ ဥပဒေကခွင့်မပြုတဲ့အတွက် ဥပဒေအတိုင်းပဲ လိုက်နာကြရပါတယ်။

ကလေးနှစ်ယောက်ယူခွင့်ကို ပြဋ္ဌာန်းလိုက်တဲ့လုပ်ရပ်က ဥပဒေဘောင်လွတ်နေပါတယ်။ လူ့အခွင့်အရေးရှုထောင့်ကနေ လက်မခံနိုင်ဖွယ်ဖြစ်နေပါတယ်။ တကယ်လို့သာ တစ်လင်တစ်မယားစနစ်ကို တစ် ပြည်လုံးပြဋ္ဌာန်းခဲ့မယ်ဆိုရင်တော့ အခြေအနေအချို့ ပြောင်းလဲကောင်းပြောင်းလဲနိုင်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံဟာ အခုအချိန်မှာ နိုင်ငံတကာနဲ့ ဆက်သွယ်ရေးတိုးမြှင့်ဖို့ ကြိုးစားနေချိန်ဖြစ်ပါတယ်။ နိုင်ငံတကာဈေးကွက်ကို ၀င်ခွင့်ရဖို့၊ အရှေ့တောင်အာရှရဲ့ ကျားတစ်ကောင်ဖြစ်လာနိုင်တဲ့ အခွင့်အရေးတွေကို လက်မလွတ်ဖို့ ဆိုရင် နိုင်ငံတကာစံနှုန်းတွေကို လျစ်လျူရှုလို့ မရပါဘူး။အဝေးကကြည့်သူတွေအနေနဲ့ လူ့အခွင့်အရေးကို လက်ညှိုးထိုးပြနိုင်ပေမယ့် အနီးကပ်နေရသူတွေအတွက် ခေါင်းခဲစရာဖြစ်နေတာကလည်း နားလည်နိုင်ဖွယ်ရှိပါတယ်။ ဒါပေမဲ့ နိုင်ငံတကာအမြင်မှာ ဖိနှိပ်သူနဲ့ ဖိနှိပ်ခံရသူလို့ မြင်လာအောင် လုပ်ဆောင်မှုတွေက အကျိုးယုတ်လျော့စေတာ အမှန်ပါပဲ။

မြန်မာဟာ စစ်အုပ်ချုပ်မှု တစ်လျှောက်လုံးလိုသလို ဥပဒေပြဋ္ဌာန်းလို့ ဖြစ်စေ၊ မပြဋ္ဌာန်းဘဲဖြစ်စေ လုပ်ဆောင်ခဲ့တာတွေရှိပေမယ့် အခုအချိန်မှာ ဒီလိုဆက်လက်ကျင့်သုံးလို့ မဖြစ်နိုင်တော့ပါဘူး။ နိုင်ငံတကာရဲ့ ဖယ်ကြဉ်မှုကို ခံခဲ့ရတဲ့အတွက် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ၊ အရှေ့ တောင်အာရှရဲ့ အဆင်းရဲဆုံးနိုင်ငံအဖြစ်ကို ရောက်ခဲ့ရပါပြီ။ နိုင်ငံတကာဈေးကွက်ကို ၀င်ခွင့်မရခဲ့တဲ့အတွက်လည်း အင်အားကြီး အိမ်နီး  ချင်းနိုင်ငံတွေရဲ့ အမြတ်ထုတ်မှုကို နှစ်ပေါင်းများစွာ ခံခဲ့ကြရပါပြီ။

အခုမှ ဒီအခြေအနေကနေ လွတ်မြောက်ဖို့ လမ်းစမြင်ရုံသာ ရှိပါသေးတယ်။ ဒီလမ်းပေါ်ကိုတောင် မလျှောက်ရသေးဘူးလို့ ပြောနိုင်ပါတယ်။ နိုင်ငံအစိုးရကရော နိုင်ငံသားတွေကပါ ပါးနပ်လိမ်မာစွာနဲ့ အခွင့်အရေးကို ယူတတ်ဖို့လိုပါတယ်။

ရခိုင်ပြည်နယ်အရေးမှာ အခြေအနေကို မျှတတဲ့ဥပဒေချမှတ်ပြီး အကောင်အထည်ဖော်တာက ရေရှည်မှာ ပိုပြီးအကျိုးများစေမှာပါ။ အကြမ်းဖက်မှုတွေ၊ လူမျိုးရေးလှုပ်ရှားမှုတွေကတော့ လက်မခံနိုင်စရာ ဖြစ်သလို ရေရှည်မှာမအောင်မြင်တဲ့ဗျူဟာပါ။

ဒါ့အပြင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာနဲ့ တွဲဖက်လုပ်ကိုင်ဖို့ အားယူနေတဲ့ မြန်မာအစိုးရအတွက်လည်း အခက်အခဲတွေ၊ အကန့်အသတ်တွေ ရင်ဆိုင်ရနိုင်ပါတယ်။ အကြမ်းဖက်ဖြေရှင်း လို့ ပြဿနာတွေ ပြေလည်မသွားနိုင်ဘဲ နောက်ဆက်တွဲပြဿနာတွေက ပိုတိုးလာနိုင်ပါတယ်။ ဥပမာ- မြန် မာနိုင်ငံကကုန်ကို နိုင်ငံတကာက လက်ခံထားပေမယ့် လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေးစနစ်ဖြစ်တာ ကြောင့် ဈေးကွက်ကလက်ခံမှဖြစ်မှာပါ။

လူ့အခွင့်အရေးကို အခြေပြုပြီး စားသုံးသူက ကန့်ကွက်ရင် ဈေးကွက်ကလည်း နာမည်ပျက်ခံပြီး မ၀ယ်ပါဘူး။ ဒါ့အပြင် ကုမ္ပဏီရဲ့ ရှယ်ယာတွေကို ၀ယ်ယူထားသူတွေကလည်း ပိုင်ဆိုင်သူတွေအနေနဲ့ ကန့်ကွက်နိုင်ပါတယ်။ စားသုံးသူက လက်မခံရင် ကုန်တွေကိုရောင်းလို့ မရပါဘူး။ ဒါဆိုရင် မြန်မာ့ထုတ်ကုန်တွေကို ဈေးကောင်းပေးတဲ့ နိုင်ငံကြီးတွေရဲ့ ဈေးကွက်အစား ဈေးနှိမ်ဝယ်တဲ့ နေရာတွေကို ရောက်သွားနိုင်ပါတယ်။ ဒါကတော့ ဥပမာအနေနဲ့ တင်ပြတာပါ။

ဒါကြောင့် ပြဿနာတွေကို နိုင်ငံတကာစံနဲ့ညီတဲ့ ဥပဒေပြဋ္ဌာန်းပြီး ဖြေရှင်းနည်းရှာတာက မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းနေတဲ့ တစ်ပြိုင်နက်တည်းမှာပဲ မြန်မာ့ပွင့်လက်စတံခါးကနေ ၀င်လာမယ့် အခွင့်အလမ်းတွေကိုလည်း အမိအရ ဆုပ်ကိုင်အသုံးချနိုင်မယ်လို့ ယူဆရကြောင်းပါ။