မြန်မာဆီးဂိမ်းသို့ ဖိလစ်ပိုင်အားကစားအဖွဲ့ငယ်သာစေလွှတ်မည်

ဓာတ်ပုံ - ဇင်လင်းထွန်း(ဓနုဖြူ)

ဖိလစ်ပိုင်အားကစားအာဏာပိုင်များသည် အိမ်ရှင်နိုင်ငံမှ အဓိကအားကစားနည်းများအား မတရားသဖြင့်ဖယ်ထုတ်ခဲ့ခြင်းကို သပိတ်မှောက်သည့်အနေဖြင့် ယခုနှစ်အတွင်း မြန်မာနိုင်ငံ၌ ကျင်းပမည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ(ဆီးဂိမ်း)သို့ အားကစားအဖွဲ့ငယ်တစ်ခုကိုသာ စေလွှတ်တော့မည်ဟု ပြောကြားလိုက်သည်။

ဖိလစ်ပိုင်အားကစားကော်မရှင်ဥက္ကဋ္ဌ ရစ်ချီဂါစီယာက ၎င်းတို့နိုင်ငံသည် ၂၀၁၁ဆီးဂိမ်းစ်တွင် အဖွဲ့ဝင် ၅၁၂ဦးပါဝင်သော အားကစားအဖွဲ့ကို စေလွှတ်ခဲ့သော်လည်း ယခုနှစ်တွင်မူ အဖွဲ့ဝင် ၃၀မှ ၅၀ကြား ပါဝင်သာ အဖွဲ့ငယ်တစ်ခုကိုသာ စေလွှတ်သွားမည်ဟု အေအက်ဖ်ပီသို့ ပြောသည်။ ““ကျွန်တော်တို့ ဒီလိုဆန္ဒပြမှုကို လုပ်တာဟာ မြန်မာက ပြိုင်ပွဲကို မမျှတတဲ့အပြောင်းအလဲတွေလုပ်နေလို့ပါ””ဟု ၎င်းကပြောသည်။ယခုနှစ် ၂၀၁၃ဆီးဂိမ်းစ်အိမ်ရှင် မြန်မာသည် ပြိုင်ပွဲမှ တင်းနစ်နှင့် ကျွမ်းဘားကဲ့သို့သော အိုလံပစ်အားကစားနည်းများကို ဖယ်ထုတ်ခဲ့ရာ အခြားနိုင်ငံများက အိမ်ရှင်တို့အခွင့်အရေးပိုရရန် ကြံစည်ခြင်းဟုသာ စွပ်စွဲ ခဲ့ကြသည်။

မြန်မာနိုင်ငံသည် ပြိုင်ပွဲတွင် ခြင်းလုံးနှင့် ကာယဗလပြိုင်ပွဲကဲ့သို့သော ကစားနည်းများကို ထည့်သွင်းခဲ့သည်။ ဂါစီယာက ၎င်းသည် လာမည့်ဒီဇင်ဘာလတွင် မြန်မာနိုင်ငံ၌ ကျင်းပမည့် ဆီးဂိမ်းစ်ပြိုင်ပွဲသို့ တက်ရောက်မည်မဟုတ်ကြောင်း ၎င်း၏ကော်မရှင်မှ  လုပ်ဖော်ကိုင်ဖက်များကိုလည်း သပိတ်မှောက်ကြရန်  တိုက်တွန်းထားကြောင်းပြောသည်။ ၂၀၁၅  ဆီးဂိမ်းကျင်းပရေးကော်မတီအကြီးအကဲ လင်မ်တက် ရင်ကမူ မြန်မာ၏ ပြည်တွင်းဖြစ်အားကစားနည်းများ ပြိုင်ပွဲတွင်းထည့်သွင်းမှုကိုထောက်ခံခဲ့ပြီး ယင်းမှာ အာဆီယံဒေသ၏  စရိုက်လက္ခဏာနှင့် အစဉ်အလာများကို ထိန်းသိမ်းရာရောက်ကြောင်း   ယခုအပတ်အတွင်း အေအက်ဖ်ပီသို့ ပြောခဲ့သည်။  အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက နောက်ဆုံးအစည်းအဝေးမှာ ၂၀၁၃ ဇန်န၀ါရီတွင် ပြုလုပ်ခဲ့ပြီး နိုင်ငံအားလုံးက သဘောတူခဲ့သည့်အတွက် ယခုမှ မည်သို့မျှ ဆောင်ရွက်ပေးရန်မရှိဟု တုံ့ပြန်ပြောကြားသည်။                                     

—Ref:AFP