ဘိုင်ယန်မြူးနစ် မန်ယူကိုကျော်၍ တန်ဖိုးအကြီးဆုံး ဘောလုံးအမှတ်တံဆိပ်ဖြစ်လာ

 ယခုနှစ် ချန်ပီယံလိဂ် ချန်ပီယံဆုကိုရရှိခဲ့သော ဂျာမန်ဘိုင်ယန်မြူးနစ်အသင်းသည် အင်္ဂလန် မန်ချက်စတာယူနိုက်တက်အသင်းကို ကျော်လွန်၍ ကမ္ဘာ့တန်ဖိုးအကြီးဆုံး ဘောလုံးအမှတ်တံဆိပ် ဖြစ်လာခဲ့ သည်။ 

ကုန်အမှတ်တံဆိပ်များ၏ ဘဏ္ဍာရေးတန်ဖိုးများကို သုတေသနပြုဖော်ပြနေသည့် Brand Finance ကုမ္ပဏီအဆိုအရ ဘိုင်ယန်သည် ဥရောပချန်ပီယံဖြစ်သွားခဲ့၍ ကမ္ဘာတစ်ဝန်းတွင် ပရိသတ်ပိုရခဲ့ကာ မူလက နံပါတ်တစ်နေရာ၌ ရှိနေခဲ့သည့်မန်ယူကို ကျော်လွန်ပြီး တန်ဖိုး ဒေါ်လာ ၈၆၀သန်း(ပေါင် ၅၇၀သန်းဖြင့်) နံပါတ်တစ် ဖြစ်လာကြောင်းဆိုသည်။ သို့သော် ၎င်းတို့က ဂျာမန်ဘွန်ဒက်စ်လီဂါပြိုင်ပွဲမှာမူ   အင်္ဂလန်ပရီးမီးယားလိဂ်နောက်တွင် နံပါတ်နှစ်နေရာမှရှိနေသေးကြောင်း ဆိုသည်။

ထို့အပြင် နိုင်ငံအလိုက် လိဂ်ပြိုင်ပွဲများ၏တန်ဖိုးကို ဖော်ပြရာတွင်လည်း ၎င်းတို့က ပရီးမီးယားလိဂ်ကလပ်များ၏ စုစုပေါင်းကုန်အမှတ်တံဆိပ်တန်ဖိုးသည် ဒေါ်လာ ၃ဒသမ၁ဘီလီယံရှိကာ    ဘွန်ဒက်စ်လီဂါအသင်းများ၏ စုစုပေါင်းတန်ဖိုး ဒေါ်လာ ၁ဒသမ ၉ ဘီလီယံထက် များနေကြောင်း ဖော်ပြထားသည်။

သုတေသနတွင် ဘိုင်ယန်နှင့်မန်ယူနောက်မှ တန်ဖိုးအကြီးဆုံးကလပ်များမှာ ရီးရဲလ်မက်ဒရစ်(တတိယ)နှင့် ဘာစီလိုနာ(စတုတ္ထ)တို့ ဖြစ်ကြသည်။ ယင်းနောက်တွင် ချယ်လ်ဆီး၊ အာဆင်နယ်၊ လီဗာပူး၊ မန်စီးတီး အသင်းများ အစဉ်လိုက် ရှိနေခဲ့သည်။

—Ref:BBC