ရုရှားဒုံးကျည်များ ဆီးရီးယား လက်ခံရရှိ

၁၉၉၆ ခုနှစ်က ရိုက်ယူထားသောဓာတ်ပုံတွင် ရုရှားနိုင်ငံစစ်ဘက်လေ့ကျင့်ရေးကွင်းတစ်ခု၌ S-300 လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်များကို ပစ်လွှတ်ရန်ပြင်ဆင်နေပုံ VLADIMIR MASHATIN/AFP

ရုရှားနိုင်ငံလုပ် အဆင့်မြင့် လေကြောင်းရန်ကာကွယ်ရေးစနစ် ပထမဆုံးအသုတ်ကို လက်ခံရရှိထားပြီဖြစ်ကြောင်းနှင့် ကျန်ရှိသော S-300 ဒုံးကျည်များကို မကြာမီရရှိလိမ့်မည်ဟု ဆီးရီးယားသမ္မတ ဘာရှားအယ်လ်အာဆတ်က ပြောကြားလိုက်သည်။

““ရုရှားနိုင်ငံလုပ် S-300 ဒုံးကျည် ပထမဆုံးအသုတ်ကို ဆီးရီးယားနိုင်ငံက လက်ခံရရှိပြီးဖြစ်ပါတယ်””ဟု ယနေ့ထုတ်လွှင့်မည့် ရုပ်သံတွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် မစ္စတာအာဆတ်ကပြောကြောင်း လက်ဘနွန် အယ်လ်အက်ခ်အာ သတင်းစာက ကိုးကားဖော်ပြသည်။ မစ္စတာအာဆတ်နှင့် တွေ့ဆုံမေးမြန်းခန်းကို ရှီးဟိုက်မွတ်ဆလင် စစ်သွေးကြွအုပ်စု ဟစ်ဘိုလာတို့နှင့်ဆက်နွှယ်သော အယ်လ်မာနာရုပ်သံတွင် ထုတ်လွှင့်ပြသမည်ဖြစ်သည်။ ဟစ်ဘိုလာအုပ်စုမှာ သမ္မတအာဆတ်၏ မဟာမိတ်များ ဖြစ်သည်။

အနောက်နိုင်ငံများ၏ ကန့်ကွက်မှုများရှိခဲ့သော်လည်း အဆိုပါဒုံးကျည်စနစ်ကို ဆီးရီးယားနိုင်ငံသို့ ပေးပို့သွားမည်ဖြစ်ကြောင်း ရုရှားနိုင်ငံက ပြောကြားသည်။ ယင်းဒုံးကျည်များပေးပို့မှသာ ဒေသတွင်း အင်အားချိန်ခွင်လျှာညီမျှ၍ တည်ငြိမ်သွားမည်ဟုလည်း ရုရှားကပြောသည်။

အမေရိကန်၊ ပြင်သစ်နှင့် အစ္စရေးနိုင်ငံတို့ကမူ ယင်းအဆင့်မြင့်ဒုံးကျည်စနစ်များ ပေးပို့မှုရပ်တန့်ရန် ရုရှားနိုင်ငံအား တိုက်တွန်းထားသည်။

—Ref:Reuters