ယာဉ်ကြံ့ခိုင်မှု စစ်ဆေးပြီးမှ အမြန်လမ်းမတွင် ဖြတ်သန်းခွင့်ပြုမည်ဟုဆို

ယာဉ်ကြံ့ခိုင်မှုမရှိသည့်ယာဉ်များကို ရန်ကုန်-နေပြည်တော် အမြန်လမ်းမပေါ်တွင် မေလ၂၆ ရက်မှစ၍ ဖြတ်သန်းမောင်းနှင်ခွင့်ပြုမည်မဟုတ်ကြောင်း နေပြည်တော်အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးကြီးနေ၀င်းက ပြောသည်။

အမြန်လမ်းပေါ် ယာဉ်တိမ်းမှောက်သည့်ဖြစ်ရပ်များ၏ ၉၀ ရာခိုင်နှုန်းသည် အရှိန်ပြင်းစွာမောင်းနှင်ခြင်း၊ ယာဉ်မောင်းအိပ်ငိုက်ခြင်းနှင့် ယာဉ်၏ဘီး၊ တာယာများ အဆင့်မမီဘဲ ကွဲထွက်မှုများကြောင့်ဖြစ်သည်ဟု သိရသည်။ မေလ ၂၆ ရက်မှစ၍ အရက်မူးတိုင်းကိရိယာများနှင့် စစ်ဆေးခြင်း၊ ယာဉ်ကြံ့ခိုင်မှုပိုင်းနှင့်ပတ်သက်၍ အင်ဂျင်၊ ဘီး၊ တာယာ၊ ဘရိတ်ပိုင်းများ စစ်ဆေးမည်ဖြစ်ပြီး မကောင်းပါက အမြန်လမ်းတွင် မောင်းနှင်ဖြတ်သန်းခွင့်မပြုဟုဆိုသည်။

““အခုကတော့ သတ်မှတ်အရှိန်ထက်ပိုမောင်းတာကိုပဲ စစ်ဆေးနေတုန်းပါ။ ယာဉ်ကြံ့ခိုင်မှုပိုင်းကိုတော့ မစစ်ဆေးရသေးပါဘူး။ အကယ်၍ စစ်ဆေးလို့တွေ့ရင်တော့ ကျွန်တော်တို့က ဖမ်းပြီးတော့ အရေးယူမှာပါ”” ဟု နေပြည်တော်အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောသည်။

မေလ ၂၅ ရက်က တိမ်းမှောက်ခဲ့သော မန်းရွှေမြို့တော်ယာဉ်နှင့်ပတ်သက်၍    ရဲမှူးကြီးနေ၀င်းက ယာဉ်၏ကားတာယာတစ်လုံးမှာ ကွဲထွက်နေကြောင်းတွေ့ရပြီး ယာဉ်ဘီးများမှာလည်း ပန်းမရှိဘဲ ပြောင် ဖြစ်နေကာ တာယာလုံးဝကောင်းမွန်ခြင်းမရှိကြောင်း တွေ့ရသည်ဟု မေလ ၂၈ ရက်က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ရန်ကုန်-နေပြည်တော် အမြန်လမ်းပေါ်တွင် ဧပြီ ၁ ရက်မှစတင်ကာ တစ်နာရီလျှင် ကီလိုမီတာ ၁၀၀ အထက် ကျော်လွန်မောင်းနှင်သည့်ကားများကို ဖမ်းဆီးပြီး တရားရုံးက အနိမ့်ဆုံး ကျပ် ၁၅၀၀ မှ ကျပ် ၃၀၀၀၀  အထိ ငွေဒဏ်တပ်ရိုက်ကြောင်း သိရသည်။ အလားတူ ယင်းလမ်းပေါ်တွင် မောင်းနှင်ခွင့်မရှိသည့် ကုန်တင်ယာဉ်၊ ထော်လာဂျီ၊ ဆိုင်ကယ်နှင့် စက်ဘီးများကို အမြန်လမ်းမကြီးဥပဒေပုဒ်မ ၈(ခ) ဖြင့် ဇန်န၀ါရီ ၁ ရက်မှစ၍ ဖမ်းဆီးအရေးယူလျက်ရှိသည်။