သံဃာအယောင်ဆောင်အလှုခံသူတစ်ဦး ဖမ်းမိ

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင် လူတစ်ဦးက သံဃာအယောင်ဆောင်ပြီး အလှုငွေကောက်ခံ၍ ခြိမ်းခြောက်ခဲ့သောကြောင့် ပဋိပက္ခဖြစ်မည်စိုး၍ ဖမ်းဆီးလူဝတ်လဲကာ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

မေ ၂၉ ရက်တွင် အစ္စလာမ်ဘာသာဝင်များ အများဆုံးနေထိုင်သော မြို့မရပ်ကွက်၌ အစ္စလာမ်ဘာသာဝင်ရောင်းချသည့် ကွမ်းယာဆိုင်တစ်ဆိုင်ကို သံဃာအယောင်ဆောင်ထားသူတစ်ဦးက အလှူငွေကောက်ခံ၍ ပိုက်ဆံမပေးသောကြောင့် ခြိမ်းခြောက်ပြောဆိုသည့်အတွက် ပဋိပက္ခအသွင်ဆောင်လာသောကြောင့် တောင်ကြီးမြို့ အမှတ်(၁) ရဲစခန်းကဖမ်းဆီး၍ မင်းကျောင်းဘုန်းကြီးကျောင်းဆရာတော်ဆီသို့ခေါ်ဆောင်ပြီး စစ်ဆေးမေးမြန်းရာသံဃာဝတ်နည်းနှင့် မညီသည့်အတွက် လူဝတ်လဲစေခဲ့ကြောင်း မြို့နယ်သံဃနာယကဥက္ကဋ္ဌ မင်းကျောင်းဆရာတော် ဦးနယကကမိန့်ကြားသည်။

““ရဲတွေက ဘုန်းကြီးဆီခေါ်လာတော့ မေးမြန်းကြည့်တာ ပါရာဇိကလေးပါးလည်း မသိဘူး။ မှတ်ပုံတင်ကတ်လည်းမရှိဘူး။ ရဟန်းရက်ချုပ်မရှိဘူး။ နောက်ပြီး အလှူခံတဲ့ကိစ္စကိုက သာသနာဝတ်နည်းနဲ့ မညီပါဘူး။ ဒါနဲ့ ဘုန်းကြီးတို့က လူဝတ်လဲပေးလိုက်ပါတယ်””ဟု ဆရာတော်က ဆက်လက်မိန့်ကြားသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ တောင်ကြီးမြို့ အမှတ် (၁)ရဲစခန်းမှ ရဲအုပ်အောင်မင်းက ““ရပ်ကွက်ထဲမှာ ပြဿနာရှာနေလို့ သွားရောက်ဖမ်းဆီးပြီး မင်းကျောင်းဆရာတော်နား ပို့ဆောင်ပေးခဲ့ပါတယ်။ အခုတော့ ရဲအရေးမပိုင်တဲ့အတွက် သာသနာညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅(က) နဲ့ အမှုဖွင့်ထားပါတယ်””ဟု အတည်ပြုပြောကြားသည်။ ယင်းသံဃာ၏ လူနာမည်မှာ ဦးသောင်းရွှေ၊ ဒိုက်ဦးဇာတိဖြစ်ပြီး အသက် ၂၈ နှစ်ဖြစ်ကြောင်း ရဲအုပ်အောင်မင်းက ဆက်လက်ပြောကြားသည်။

မေ ၂၈ ရက်က တောင်ကြီးမြို့တွင် အစ္စလာမ်ဘာသာဝင်များရောင်းချသောဈေးဆိုင်များသို့ ဈေးမ၀ယ်ကြရန်နှင့် ယင်းဘာသာဝင်များ၏အမည်နှင့် ဈေးဆိုင်အမည်များကို စာရွက်ပေါ်တွင် ရေးသား၍ ပဋိပက္ခဖြစ်ပွားစေရန် လူတစ်စုက အဆိုပါစာရွက်များကို ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိသည်။ ထို့ကြောင့် မေ ၂၈ ရက်လားရှိုးမြို့တွင် ပဋိပက္ခဖြစ်ပွားခဲ့သည့်အတွက် တောင်ကြီးမြို့တွင်လည်း ဘာသာရေးပဋိပက္ခဖြစ်ပေါ်လာမည်ကို တောင်ကြီးမြို့ဒေသခံများက စိုးရိမ်လျက်ရှိကြောင်း တောင်ကြီးခရိုင် အင်န်အယ်လ်ဒီပါတီဥက္ကဋ္ဌ ဦးတင်မောင်တိုးကပြောသည်။

အဆိုပါ ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့၌ ဖြစ်ပွားခဲ့သော ပဋိပက္ခဖြစ်ရပ်မျိုး မပြန့်ပွားစေရန်အတွက် တောင်ကြီးမြို့၌ မေ ၂၈ ရက်တွင် စိန်ပန်းရပ်၊ ဆရာတော် ဦးခေမာနန္ဒာကျောင်းတွင် ဆရာတော် ဦးခေမာနန္ဒ၊ အစ္စလာမ်ဘာသာရေးခေါင်းဆောင် ၊ အင်န်အယ်လ်ဒီပါတီခရိုင်ဥက္ကဋ္ဌ ဦးခင်မောင်တိုး၊ ၈၈မျိုးဆက်(ရှမ်းပြည်) ကိုနေမျိုး အစရှိသူတို့ တောင်ကြီးဒေသတွင်း ပဋိပက္ခမပြန့်ပွားစေရန်အတွက် အရေးပေါ်အစည်းအဝေးတစ်ခုပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။